နဝမ အကြိမ်မြောက် တိုင်းရင်း ညီလာခံတွင် လွတ်လပ်သော မီဒီယာများ ရှင်သန်ရေး ဆွေးနွေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက်။ 

စစ်အာဏာသိမ်းပြီးနောက် အကျပ်အတည်း အမျိုးမျိုးအောက်တွင် ရှင်သန်ရပ်တည်ရေး ကြိုးပမ်းနေရသည့် သတင်းမီဒီယာများ၏ အခက်အခဲများကို တစ်စုံတစ်ရာ ဖြေရှင်းနိုင်ရေး လွတ်လပ်သော တိုင်းရင်းသား မီဒီယာ များက ညီလာခံတစ်ရပ်တွင် တိုင်ပင် ဆွေးနွေးခဲ့ကြသည်။ 

နိုင်ငံတကာ မြန်မာ သတင်းအဖွဲ့ (Burma News International – BNI) က ကြီးမှူးကျင်းပသည့် ၉ ကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံ (Ethnic Media Conference – EMC) ကို မြန်မာနိုင်ငံ၏ ပြင်ပ တစ်နေရာတွင် ကျင်းပခဲ့ကြသည်။

BNI ၏ မန်နေဂျင်းဒါရိုက်တာ မတင်တင်ညိုက ဒီနှစ်မှာ ကျမတို့က နိုင်ငံရေး လူမှုရေး စီးပွားရေး အဖက်ဖက် ကနေပြီးတော့မှ ကျပ်တည်းမှုတွေဖြစ်လာတယ်။  တစ်ဖက်မှာလည်း စစ်ပွဲတွေက ပိုမိုပြင်းထန်လာတဲ့ အနေ အထားပေါ့နော်။ ပြီးရင် လူထုတွေကလည်း ပိုပြီးဒုက္ခရောက်လာတယ်။ ဒီလိုမျိုး အခြေအနေအောက်မှာပဲ သတင်းတွေ ဆက်ပြီးတော့ ရေးသားနိုင်ဖို့အတွက် လုပ်ဆောင်နေတဲ့အချိန်မှာ ငွေကြေးပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ကလည်း ပြတ်တောက်လာတယ် ဟု ပြောသည်။

“အကျပ်အတည်းအောက်မှ လွတ်လပ်သော မီဒီယာများ အသက်ရှင်ရပ်တည်နေမှု” (Independent Media Surviving Under Crisis) ခေါင်းစဉ်နှင့် မေလ ၅ ရက်နေ့မှ မေ ၇ ရက်နေ့အထိ ကျင်းပခဲ့သည့် အဆိုပါ ညီလာခံတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကြားမှ မီဒီယာလုပ်ငန်းများ ဆက်လက် ရပ်တည်နိုင်ရေး နည်းလမ်းများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

မတင်တင်ညိုက ဆိုတော့ ပြောရမယ်ဆိုရင် အကျပ်အတည်းပေါင်းစုံ တစ်ပြိုင်နက်ဝင်တဲ့အနေအထားမှာ ကျမတို့ မီဒီယာတွေက ဆက်လက်ရှင်သန်မယ် ဆက်လက်ပြီးတော့ သတင်းမှန်တွေဖော်ထုတ်မယ် ပြီးတော့ ပြည်သူလူထုတွေရဲ့ အသံတွေကို ဖော်ထုတ်သွားမယ်ဆိုတဲ့ အပိုင်းမျိုးကို ဒီအကျပ်အတည်းကြားက ဘယ်လို လုပ်လို့ရမလဲဆိုတာကို ကျမတို့အားလုံး ဝိုင်းဝန်း အဖြေရှာတယ်ဆိုတဲ့ သဘောနဲ့ ဒီတစ်နှစ်မှာ ဒီခေါင်းစဉ်ကို ရွေးချယ်လိုက်တာပဲဖြစ်တယ် ဟု ဆက်ပြောသည်။

ညီလာခံတွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေများကြောင့် သတင်းမီဒီယာ သမားများနှင့် မီဒီယာ များအပေါ် ခြိမ်းခြောက်မှုများ ရှိနေပြီး အထူးသဖြင့် ဘဏ္ဍာရေးပိုင်း မလုံလောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုများက မြန်မာနိုင်ငံ၏ နိုင်ငံရေးအရွေ့ကိုပါ ထိခိုက်စေနိုင်သည်ဟု BNI စီမံခန့်ခွဲရေး ဒါရိုက်တာက ပြောသည်။

မတင်တင်ညို ဒါတွေက ဘာကိုပြနေလဲဆိုရင် မြန်မာသတင်းမီဒီယာတွေ ပုံမှန်သတင်းတွေ ဆက်ထုတ်နိုင်ဖို့ အတွက် အကန့်သတ်တွေ အများကြီးရှိဖြစ်သွားမယ်။ အကယ်၍ သူတို့သာ သတင်းတွေ ဆက်မထုတ်နိုင်တော့ ဘူး ဆိုရင် ပြည်သူလူထုတွေ သတင်းအမှန်မရတော့ဘူးဆိုရင် ကျမတို့နိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ပြည်သူလူထုအတွက် အကျိုးစီးပွားတွေကို ရှေးရှုတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်နိုင်ပါတော့မလားဆိုတဲ့ စိတ်ပူချက် တွေ ရှိတယ်။ အဲ့ဒါကလည်း ပြောရမယ်ဆိုရင်တော့ မြန်မာ့နိုင်ငံရေးအရွေ့ တစ်ခုအတွက် ခြိမ်းခြောက်မှု တစ်ခု လို့လည်း ပြောလို့ရတယ်ပေါ့လေ ဟု ပြောသည်။

ထို့အပြင် ယခုကဲ့သို့သော ခြိမ်းခြောက်မှုများအား အကျပ်တည်းကာလတွင် မီဒီယာဥပဒေများကို လက်ရှိနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဖက်ဒရယ် ဒီမိုကရေစီစနစ်နှင့် အညီ ပြင်ဆင်ဖြည့်စွက်နိုင်ရန်လည်း တိုင်းရင်း မီဒီယာ ညီလာခံ EMC တွင် ဆွေးနွေးခဲ့ကြသည်။

လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ် အဓိက က ပြောရ မယ်ဆိုရင်တော့ တိုင်းရင်းမီဒီယာတွေက ဒီဥပဒေတွေအားလုံးက ဗဟိုနေပြီးတော ဗဟိုဦးစာပေးပြီတော့ လုပ် ထားတဲ့ ရေးဆွဲထားတဲ့ ဥပဒေတွေဖြစ်တယ်။ နောက်တစ်ခုက မီဒီယာတွေကို လွတ်လပ်ဖွံ့ဖြိုးဖို့ဆိုတာထက် မီဒီယာကိုထိန်းချုပ်ဖို့ သဘောသက်ရောက်တယ်။ တကယ်လို့များ ဖက်ဒရယ်ယူနစ်တွေဖြစ်လာရင် ဘယ်လိုမျိုး အောက်ခြေနေပြီးတော့မှ buttom up federalism ကို ပြောသလိုပါပဲ။ အောက်ခြေကနေ အပေါ်ကို ပြန်သွား မယ့် မီဒီယာဥပဒေ ဖြစ်သင့်လဲ၊ အထူးသဖြင့် တိုင်းရင်းသားလူမျိုး၊ ဒေသတွေကို ဘယ်လိုမျိုးအကျိုးရှိတဲ့ မီဒီယာဥပဒေ ဖြစ်သင့်လဲဆိုတာကို အဓိက ဦးစာပေးဆွနွေးကြတာပါပဲဟု ပြောသည်။

ညီလာခံမှ ရရှိလာသည့် ဆွေးနွေးပွဲရလဒ်အနေဖြင့် အရည်အသွေးမြင့်မားသည့်  သတင်းထုတ်လုပ်မှုများမှ တစ်ဆင့် စာဖတ်ပရိသတ်များနှင့် ခိုင်မာစွာ ချိတ်ဆက်နိုင်ရေးအပြင် လူမှုကွန်ရက်စာမျက်နှာများက တစ်ဆင့် ဝင်ငွေရှာဖွေနိုင်ဖို့ နည်းလမ်းများကို ရရှိခဲ့ကြသည်ဟု ဆိုသည်။

ယခုနှစ် ကျင်းပပြုလုပ်သည့် တိုင်းရင်းမီဒီယာညီလာခံ EMC ကို ပြည်တွင်း၊ ပြည်ပအခြေစိုက် မီဒီယာ ၄၈ ဖွဲ့၊ အလှူရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် NGO အဖွဲ့ အသီးသီးက ကိုယ်စားလှယ်ပေါင်း အယောက် ၁၃၀ ကျော် တက်ရောက်ခဲ့ကြသည်။

ပြီးခဲ့သည့် ၈ ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံကိုလည်း ထိုင်းနယ်စပ် တစ်နေရာတွင် ပြုလုပ်ခဲ့ကြပြီး “ဖက်ဒရယ် မြန်မာနိုင်ငံသို့ ရှေးရှု့သောမီဒီယာ” ဆိုသည့် ခေါင်းစဉ်နှင့် ကျင်းပခဲ့ကြခြင်း ဖြစ်သည်။