KNU တပ်မဟာ ၇ နယ်မြေက တာလယ် ဗျူဟာစခန်းကို KN U သိမ်းပိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ် မေလ ၁၅ ရက်။

စစ်ကောင်စီ၏ တညာကျိုး(ခေါ်) တာလယ် ဗျူဟာစခန်းကို မေလ ၁၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်လိုက် သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က အတည်ပြု ပြောဆိုလိုက်သည်။

တညာကျိုး(ခေါ်) တာလယ် ဗျူဟာစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO တို့ က မေလ ၁၃ ရက်နေ့ ည ၇ နာရီတွင် ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု KNU က မေလ ၁၅ ရက်နေ့ (ယနေ့)တွင် အတည်ပြု ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ တညာကျိုး(ခေါ်) တာလယ် ဗျူဟာစခန်းသည် ဖားအံခရိုင်၊ တာကရယ်(ပိုင်ကျုံ) မြို့နယ်၊ ကာတဲကျေးရွာအနီးတွင် တည်ရှိပြီး ထိုစခန်းတွင် စစ်ကောင်စီတပ် ခလရ−၂၄ နှင့် အမြောက်တပ် အမတ−၃၁၁တို့ အခြေစိုက်သည်ဟု KNU က ပြောသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ အမြောက်တပ်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၉ ဦးသေဆုံးပြီး ခလရ – ၂၄ ဒုတပ်ရင်းမှူးမှာ ထွက်ပြေးလွတ်မြောက်သွားသည်။ KNLA ပူးပေါင်းတပ်အနေဖြင့် ထွက်ပြေးလွတ်မြောက် သွားသော စစ်ကောင်စီတပ်သားများကို လိုက်လံ ဖမ်းဆီးနေသည်ဟု KNU က ဆိုသည်။ 

တညာကျိုး(တာလယ်) စခန်းကို (၁၉၈၆) ခုနှစ်တွင် မြန်မာစစ်တပ်မှ စတင်တည်ဆောက်ခဲ့ပြီး ၎င်းတို့ စတင်တည်ဆောက်သည့် အချိန်မှစပြီး အနီးဝန်ကျင်ရှိ ကျေးရွာများမှ ပြည်သူလူထုများအနေဖြင့် လွတ်လပ်စွာ သွားလာလုပ်ကိုင် ရှာဖွေစားသောက်ခွင့်များ ဆုံးရှုံးခဲ့ရသည်ဟု KNU က ဆိုသည်။

အဆိုပါ  စစ်ကောင်စီ စခန်းအား ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည့်အတွက် အနီးအနားရှိကျေးရွာများအနေဖြင့် မူလူအခြေအနေများအတိုင်း ပြန်လည် လုပ်ကိုင်ရှာဖွေစားသောက် နိုင်တော့မည်ဟု KNU က ပြောသည်။