ကချင်လွတ်လပ်ရေး အဖွဲ့ KIO ဥက္ကဋ္ဌဟောင်း လညော်ဇောင်းခရားကွယ်လွန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက်။
ကချင်လွတ်လပ်ရေး အဖွဲ့ KIO ဥက္ကဋ္ဌဟောင်း လညော်ဇောင်းခရားသည် မေလ ၁၅ ရက် (ယနေ့) တွင် ကွယ်လွန် သွားသည်ဟု လိုင်ဇာဒေသခံများက ပြောသည်။
လူကြီးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၇ ရှိပြီဖြစ်သည်။
လိုင်ဇာဒေသခံတစ်ဦးက “ဒီမနက် ၇း၁၅ မိနစ်မှာ ခရစ်တော်ထံ အိပ်ပျော်သွားတာ ဟုတ်တယ်။ လူကြီးရောဂါပဲ။ ကျန်းမာရေး မကောင်းတာတော့ ကြာပြီ” ဟု ပြောသည်။
KIO ဥက္ကဋ္ဌဟောင်း လညော်ဇောင်းခရားသည် ကချင်လွတ်လပ်ရေး အဖွဲ့ KIO ထဲသို့ ၁၉၆၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ဝင်ရောက်လာခဲ့သည်။
ထို့နောက် အဖွဲ့အစည်းက ပေးအပ်ခဲ့သည့် တာဝန်များကို ရာထူးအဆင့်ဆင့်ဖြင့် ထမ်းဆောင်လာခဲပြီး ၂၀၀၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိတွင် KIO ဥက္ကဋ္ဌ ရာထူးကို တာဝန်ယူ ထမ်းဆောင်ခဲ့သည်ဟု သိရသည်။
တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း KIO ဥက္ကဋ္ဌဟောင်း လညော်ဇောင်းခရား၏ ထူးခြားသည့် လုပ်ဆောင် ချက်များနှင့် ပတ်သက်၍ KIO/KIA နှင့် နီးစပ်သူ လိုင်ဇာဒေသခံတစ်ဦးက ၎င်း၏ အမြင်ကို ယခုကဲ့သို့ ပြောသည်။
၎င်းက “KIO က အပစ်ရပ်ထားတဲ့ ၁၇ နှစ်အတောအတွင်းမှာ သူ ဥက္ကဋ္ဌတက်ပြီး သိပ်မကြာသေးခင်မှာပဲ အစိုးရ က တပ်မတော်အောက်ပေါ့ BGF လုပ်ဖို့ KIO ကို တိုက်တွန်းတယ်။ အဲဒါ KIO က လက်မခံဘူး။ လက်မခံတော့ အဲဒါ ၂၀၁၁ မှာ တကျော့ပြန်စစ်ပွဲ ဖြစ်တယ်။ တကျော့ပြန်စစ်ပွဲ အတောအတွင်းမှာလည်းသူက ဥက္ကဋ္ဌ ပီပီပေါ့ လေနော အဲဒီအချိန်တုန်းက ဥက္ကဋ္ဌ ပီပီ မားမားမတ်မတ် ရပ်တည်ခဲ့တယ်။ ပြီးတော့ UNFC ကို တည်ထောင်တဲ့ နေရာမှာ လည်း သူမားမားမတ်မတ် လုပ်ပေးခဲ့တယ်ပေါ့ UNFC ကို လုပ်ပေးခဲ့တယ်။ အဲဒါက သူ့ရဲ့ ထူး ခြားတဲ့ တာဝန်ထမ်းဆောင်ခဲ့အချိန်မှာ ထူးခြားတဲ့ ဥစ္စာတွေပဲ” ဟု ပြောသည်။
ထို့အပြင် စစ်ရေး နိုင်ငံရေးတွင် ပါဝင်လုပ်ဆောင်ခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ အဆိုပါ လိုင်ဇာ ဒေသခံက ယခုကဲ့သို့ ဆက်ပြောသည်။
“ပြီးကျတော့ သူက အခုလက်ရှိ အချိန်အထိ KIO က ကျင့်သုံးနေတဲ့ ဒီ KIO ရဲ့ နိုင်ငံရေး ရည်မှန်းချက်ပေါ့လေ ကျနော်တို့ ကချင်လိုကျတော့ နဂေါ်မုန်းဆာ လို့ခေါ်တာပေါ့ အဲဒီရေးတဲ့အထဲမှာလည်း သူပါတယ်။ အဲတော့သူက ဒီပေါ်လစီပိုင်းအရရော ဒီ နိုင်ငံပိုင်းရေးအရ ပြီးရင် စစ်ရေးပိုင်းအရ အားလုံးကို ဖိဖိစီးစီးသူတာဝန်ထမ်းဆောင်စဉ် မှာတော့ လုပ်ဆောင်ခဲ့တာပေါ့။ အဲဒါသူ့ရဲ့ ထူးခြားချက်ဟုတ်တယ်။ဒါ ကျနော်အမြင်ကို ပြောတာပါ” ဟု ပြောသည်။
တော်လှန်ရေး တာဝန်များကို အဆင့်ဆင့် တာဝန်ယူ ထမ်းဆောင်ခဲ့သော KIO ဥက္ကဋ္ဌဟောင်း လညော်ဇောင်း ခရား သည် အဖွဲ့အစည်းက ပေးအပ်လာသည့် တာဝန်များကို တာဝန်ကျေပွန်စွာ ထမ်းဆောင် သူဖြစ်ပြီး သူကွယ် လွန်ချိန်အထိ သူယုံကြည့်ချက်အတိုင်း မားမားမတ်မတ် ရပ်တည် အသက်ရှင်သူ ဖြစ်သည်ဟု KIO/KIA နှင့် နီးစပ်သူများက ပြောသည်။