မွန်စစ်ရှောင်များ အကူအညီလိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၆ ရက်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး မကြာခဏ ပစ်ခတ်မှုကြောင့် KNU ထိန်းချုပ် နယ်မြေ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအုပ်စုရှိ ကျေးရွာ ၆ ရွာမှ ပြည်သူ ၂၇၀၀ ကျော် တိမ်းရှောင်နေရပြီး အကူအညီများ အရေးပေါ် လိုအပ်နေသည်ဟု KNU တပ်မဟာ ၁ ဒူးသထူခရိုင် က ပြော သည်။

စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဝင်းကံ၊ ဘောကထ၊ ကျောက်ရေတွင်း၊ ကလောမြောင်၊ ရှမ်းစုနှင့် အညာစု ကျေးရွာတို့မှ လူဦးရေ ၂၇၂၁ ဦး ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စား သောက်ရန်နှင့် ကျန်းမာရေးစောင့်ရှောင်မှုများအတွက် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု KNU တပ်မဟာ ၁ ဒူးသထူခရိုင်က မေလ ၁၆ ရက်(ယနေ့) တွင် ထုတ်ပြန် ပြောဆိုထားသည်။ 

KNU က လူထုနေထိုင်ရာနေရာများထဲသို့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှု များကြောင့် ဒေသခံပြည်သူများ အသက်အန္တရာယ် စိုးရိမ်ထိပ်လန့်၍ နေအိမ်ဥစ္စာများစွန့်ခွာပြီး တိမ်းရှောင်နေရကာ နေရာထိုင်ခင်း၊ စားနပ်ရိ က္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်လျှက်ရှိနေသည် ဟု ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် အိမ်ခြေ  ၆၅၄ စုမှ လူဦးရေ  ၂၇၂၁ ဦး အရေးပေါ် အကူအညီ လိုအပ်နေပြီး အမျိုးသား ၁၂၈၃ ဦးနှင့် အမျိုးသမီး ၁၄၃၈ ဦး ဖြစ်သည်ဟု KNU တပ်မဟာ ၁ ဒူးသထူခရိုင် က ပြောသည်။ 

စစ်ကောင်စီအမြောက်တပ် အမတ ၃၁၀ မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာ များထဲသို့ မေလ (၁၄) ရက်နေ့တွင် မနက် (၈)နာရီ (၂၀)မိနစ်မှ နေ့လည် (၁၁)နာရီ (၃၅)မိနစ်အချိန်ထိ  လက်နက် ကြီး ၁၂၀-မမ ၇လုံး ပစ်ခတ်ခဲ့သည်။ ထို့အပြင် ပဲခူးတိုင်း-ဝေါမြို့နယ် ဆင်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး ၁၂၂-မမ ၄လုံး ပစ်ခတ်ခဲ့သည်ဟု KNU က ဆိုသည်။

ထို့နောက် နေ့လည် ၁၁ နာရီ ၅၂ မိနစ်အချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ရွှေကျင်မြို့နယ် တပ်မဟာ ၃ နယ်မြေထဲကို ဗုံးသီး ၂လုံး ပစ်ခတ်ခဲ့ပြီး နေ့လည် ၁၂ နာရီကျော်တွင် ဂျက်ဖိုက်တာဖြင့် ကျိုက်ထိုမြို့နယ် ကျောက်ဖျာကျေးနယ် ကျေးရွာအုပ်စု အတွင်းသို့ ဗုံးသီး ၁ လုံး ပစ်ခတ်ခဲ့သည်ဟု  KNU က ပြောသည်။

ထို့အပြင် မေလ ၁၃ ရက်နေ့  ည ၉ နာရီ (၁၂ မိနစ် အချိန်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ အမတ-၃၁၀ တပ်ရင်းစခန်းမှ ၁၂၂-မမ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့သည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။