ကွတ်ခိုင်လေကြောင်း တိုက်ခိုက်ခံရမှု ကလေးအပါအဝင် အရပ်သား ၆ ဦးသေဆုံး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။
ရှမ်းမြောက်၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးအပါအဝင် အရပ်သား ပြည်သူ ၆ ဦး သေဆုံးခဲ့သည်။
ကွတ်ခိုင်မြို့ကို ဇူလိုင် ၃၀ ရက်နေ့၊ နံနက်အစောပိုင်း ၁ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်က ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲခဲ့ခြင်း ဖြစ်သည်။
ကွတ်ခိုင်မြို့ခံ အမျိုးသမီးတစ်ဦးက “သေတာ ၆ ယောက်ရှိသွားပြီ။ ကလေးတစ်ယောက်ပါတယ်။ အမျိုးသမီး တစ်ယောက်၊ အမျိုးသားက ၄ ယောက်ပေါ့နော်။ ကြဲသွားတဲ့နေရာက ရပ်ကွက် ၂ပေါ့နော်။ ရပ်ကွက် ၂ က ရာစုသစ်ဟိုတယ်နေရာကို ကြဲသွးတာပါ” ဟု ပြောသည်။
ကွတ်ခိုင်မြို့၊ ရပ်ကွက် ၂ ရှိ ရာစုသစ်ဟိုတယ်ကို ဂျက်ဖိုက်တာနှင့် လာရောက် ဗုံးကြဲသွားခြင်းခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။
ကလေး ၁ ဦး၊ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား ၄ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ခြင်း ဖြစ်ပြီး သေဆုံးသွားသူများ ထဲတွင် ဗန်းမော်မှ ကွတ်ခိုင်သို့ စစ်ဘေးရှောင်လာသူများလည်း ပါသည်ဟု ဆိုကြသည်။
အဆိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုထဲ ထိခိုက်ဒဏ်ရာ ရသူများထဲ၌ ဒေသခံမဟုတ်သည့် ကားသမားများ လည်း ပါသည်ဟု အကူအညီပေးနေသူများက ပြောသည်။
ကွတ်ခိုင်ဒေသခံ အမျိုးသားတစ်ဦးက “ရာစုသစ် ဟိုတယ်နားက အိမ်က အဘွားရယ်၊ ကလေးရယ် သေသွား တယ်။ သူတို့က စစ်ရှောင်တွေဟုတ်တယ်။ အဲ့ဒီအိမ်မှာ စစ်ရှောင်ပြီး လာနေတာပါ။ အဲ့ဒီအိမ်က ဒဏ်ရာ ရတဲ့သူတွေလည်း ရှိတယ်။ ရာစုသစ် ၂ ဟိုတယ်နေရာ ဗုံးကြဲခဲ့ရတာ။ အခုပျက်စီးသွားတဲ့ အိမ်တွေထဲမှာ ဟိုတယ်ဘေးကပေါ့နော် မြောက်ဘက်ကလို့လည်း ပြောလို့ရတယ်။ အဲ့ဒီက အိမ် ထိသွားတာလေနော်” ဟု ပြောသည်။
ကွတ်ခိုင်မြို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုထဲ အိမ်အချို့အပြင် ရာစုသစ်ဟိုတယ် အဆောက်အအုံပါ ထိမှန်ပျက်စီးကုန်သည်ဟု ဒေသခံများက ပြောသည်။
အလားတူ ဇူလိုင်လ ၂၉ ရက်နေ့ ကလည်း ကျောက်မဲခရိုင်ထဲက မိုင်းလုံမြို့ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား တစ်ဦး ဗုံးစထိမှန်ပြီးသေဆုံးသွားခဲ့သည်။
ဇူလိုင်လ ၂၉ ရက်နေ့၊ ညနေ ၅နာရီခွဲ အချိန်ခန့်တွင် စစ်ကောင်စီတပ်က မိုင်းလုံမြို့၊ ခန်နီရပ်ကွက်ကို လေကြောင်း ဖြင့် ပေါင် (၂၅၀) ဗုံး တစ်လုံး ကြဲချခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး နေအိမ် ၇ လုံး ဗုံးစထိမှန် ပျက်စီးကုန် သည်ဟု TNLA က ထုတ်ပြန်သည်။
ထို့အပြင် မိုးကုတ်မြို့ရှိ လူစည်ကားသည့် နေရာများထဲ ဇူလိုင်လ ၂၉ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၇ ကြိမ် ပြုလုပ်ခဲ့ရာ အရပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၉ ဦး ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သည်။