စဉ့်ကူးတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၂၄ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။

မန္တလေး PDF အဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ထိန်းချုပ်ထားသည့် စဉ့်ကူးမြို့နယ်ထဲက လက်ပံလှရဲစခန်း အပါအဝင် နေရာ ၂ ခု လေကြောင်းတိုက်ခိုက်ခံရမှုထဲ သေဆုံးသူ ၂၄ ဦး ရှိခဲ့သည်။

တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက နေရာ ၃ ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ရာ သေဆုံးသူ ၂၄ ဦး ရှိခဲ့ပြီး အယောက် ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က ဇူလိုင်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။

လက်ပန်လှရဲစခန်း လေကြောင်းတိုက်ခိုက်မှုထဲ ပြစ်ဒဏ်ကျ အကျဉ်းသားများနှင့် စစ်ဆေးနေဆဲ သံသယတရားခံ အားလုံးပေါင်း ၂၂ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

မြေပြင်ရှိ သတင်းအရင်းအမြစ် တစ်ဦးက သေတဲ့သူတွေထဲ အချုပ်သားတွေပါတယ်။ အချုပ်သားတွေက အများဆုံးပဲ။ ထိခိုက်ဒဏ်ရာ ရတဲ့လူလည်း များတယ်။ ဒဏ်ရာ ရတဲ့လူတွေလည်း ပြင်းထန်တော့ စိုးရိမ်ရတဲ့ လူလည်း များတယ် ဟု ပြောသည်။

လက်ပန်လှရဲစခန်း ဗုံးကြဲခံရမှုထဲ အမျိုးသား ၂၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ခြင်း ဖြစ်ပြီး ထိခိုက် ဒဏ်ရာ ရတဲ့သူ အယောက် ၃၀ ဝန်းကျင် ရှိခဲ့သည်။

ထို့အပြင် စဉ့်ကူးမြို့နယ်ထဲက ရွှေပန်းတောကျေးရွာ လေကြောင်းတိုက်ခိုက်မှုထဲတွင်လည်း ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့သည်။

ရွှေပန်းတောကျေးရွာက အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

စဉ့်ကူးမြို့နယ်ထဲက လက်ပန်လှရဲစခန်း နေရာနှင့် ရွှေပန်းတောကျေးရွာတို့အား ဇူလိုင်လ ၂၉ ရက်နေ့ ညနေပိုင်း အချိန်တွင် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီသည် ပြည်သူလူထုကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) က ထုတ်ပြန်ထားသည်။