နောင်ချိုက နေအိမ်အချို့ကို စစ်ကောင်စီ ချိပ်ပိတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။
စစ်ကောင်စီတပ်က ပြန်လည် ထိန်းချုပ်လိုက်သည့် ရှမ်းမြောက်၊ နောင်ချိုမြို့တွင် နေအိမ်အချို့နှင့် စျေးဆိုင်အချို့ ချိပ်ပိတ် ခံလိုက်ရသည်။
တော်လှန်ရေးအင်အားစုများကို ထောက်ခံအားပေးသည် ဆိုသော စွပ်စွဲချက်နှင့် ဒေသခံများ၏ ရွှေဆိုင်၊ ကုန်မာဆိုင်များ အပါအဝင် နေအိမ် ၁၀ လုံးထက် မနည်းကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။
“အဓိကတော့ ဒလန်တွေက သတင်းပေးလို့လေ PDF ကို ထောက်ပံ့တဲ့သူ၊ ပလောင်တပ်ပေါ့ TNLA ကို ထောက်ပံ့တဲ့အိမ် အဲ့လိုပေါ့ ဒီလိုသတင်းပေးတဲ့လူတွေက ရှိတယ်။ အဲ့ဒီအိမ်တွေကို ချိပ်ပိတ်တာ။ လာပိတ်တဲ့ အချိန်တော့ အဲ့လိုမျိုးတွေ့တာ မဟုတ်ဘူး။ ဟိုအိမ်ကို ပိတ်သွားတယ်၊ ဒီအိမ်ပိတ်သွားတယ် အဲ့လို အချင်းချင်း ပြောပြမှ သိတာ။ နောက်ပြီး လိုင်းပေါ်မှာ ပုံတွေတက်လာတယ်လေအဲ့လို” ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
နေအိမ်အချို့ ချိပ်ပိတ်ခံနေရသည့်အပြင် တအာင်းတပ် TNLA၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF အဖွဲ့တို့ နှင့် ဆက်စပ်မှု ရှိသည်ဟု စွပ်စွဲကာ ဖမ်းဆီးရခံသူများလည်း ရှိသည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။
အထက်ပါ နောင်ချိုမြို့ခံ အမျိုးသားက “ကျနော်တို့ကတော့ သွားတော့ မကြည့်ဘူးလေနော်။ သွားကြည့်ရင် အဲ့နားမှာ ဘယ်သူရှိမှန်းမသိ ဆိုတော့ စိုးရိမ်တယ်လေ။ ဒလန်ကလည်း ဘယ်သူဆိုတာ အတိအကျလည်း မသိ ဘူး။ ကိုယ့်ဟာကိုယ် သတိနဲ့ နေရတာပဲ” ဟု ဆက်ပြောသည်။
ဖမ်းဆီးခံရသူ အရေအတွက်ကိုမူ သတင်းနှင့်မီဒီယာ ကွန်ရက်သတင်းဌာန အနေဖြင့် စုံစမ်းစိစစ်နေဆဲ ဖြစ်သည်။
ထို့အပြင် ဇူလိုင်လ ၂၃ ရက်နေ့ကလည်း နောင်ချိုမြို့နယ်ထဲက လုံစံကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်က မိသားစုဝင်များ၏ ရှေ့၌ပင် သေနတ်နှင့် ပစ်သတ်သွားသည်ဟု ရှမ်းမြောက် အခြေစိုက် ရွှေဖီမြေ သတင်းဌာနတွင် ဖော်ပြသည်။
စစ်ကောင်စီကို အားပေးထောက်ခံသည့် တယ်လီဂရန် ချန်နယ်များတွင်မူ တော်လှန်ရေး အင်အားစုများကို အားပေးထောက်ခံသူများ၏ ပိုင်ဆိုင်မှုများကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းလိုက်သည်ဟု ဓါတ်ပုံများနှင့် တကွ ရေးသားဝါဒ ဖြန့်နေကြသည်။
စစ်ကောင်စီက နောင်ချိုမြို့ခံများကို နေရပ်ပြန်လာကြရန် ခေါ်နေသော်လည်း မြို့ခံအများစုက ၎င်းတို့အား ယုံကြည်မှု မရှိသောကြောင့် မပြန်ကြသေးပေ။ လက်ရှိတွင် လူအနည်းစုသာ နေရပ်ပြန်ကြပြီး အချို့မှာမူ နေအိမ် အခြေအနေသွားကြည့်ကာ ပြန်ထွက်လာကြသည်ဟု ဆိုသည်။
နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ဇူလိုင်လ ၁၆ ရက်နေ့တွင် ပြန်လည်သိမ်းယူလိုက်ခြင်း ဖြစ်ပြီး ယခုကဲ့သို့ စစ်ကောင်စီတပ်က မြို့ကို ပြန်ရသွားခြင်းသည် တရုတ်၏ ဖိအားကြောင့် ဖြစ်နိုင်သည်ဟု လေ့လာသုံးသပ်မှုများ ရှိနေသည်။