ဗန်းမော်သို့ စစ်လက်နက်ရိက္ခာပို့သည့် စစ်သင်္ဘောများ ရွှေကူနှင့် ဗန်းမော်ကြားတွင် တိုက်ခိုက်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။
ကချင်ပြည်၊ ရွှေကူမြို့ကို ရောက်နေသည့် စစ်သင်္ဘော ရေယာဉ်တန်းမှာ ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ပူးပေါင်းအဖွဲ့တို့၏ တိုက်ခိုက်မှုကို ခံနေရပြီး ရှေ့ဆက်တက်မရဘဲ ဖြစ်နေသည်ဟု မြေပြင် သတင်း အရင်းအမြစ်များက ပြောသည်။
ဗန်းမော်ကို စစ်လက်နက် ရိက္ခာတင်ပို့နိုင်ရေး ကြိုးစားနေသည့် စစ်သင်္ဘောများမှာ ရွှေကူ၌ တိုက်ခိုက်ခံနေရခြင်း ဖြစ်သည်။
ဗန်းမော်ဘက်သို့ ဆက်တက်ရန် ကြိုးစားလျှက်ရှိ ရွှေကူနှင့် ဗန်းမော်ကြားက ဒုတိယမြစ်ကျဉ်းနေရာတွင် တိုက် ခိုက်ခံရခြင်းကြောင့် လက်ရှိတွင် ရွှေကူသို့ ပြန်ဆုတ်သွားခဲ့ရသည်ဟု စောင့်ကြည့်နေသူများက ပြောသည်။
စစ်ကောင်စီတပ် စစ်သင်္ဘောများပေါ်မှလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လှန်ခုခံကြပြီး ဗန်းမော် မြို့ကို ဆန်တက်ဖို့ ကြိုးစားနေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသား တစ်ဦးက “သူတို့ကဆန်တက်ဖို့ကြိုးစားတယ်။ ၂၉ ရက်နေ့က မြစ်ကျဥ်းမှာပဲ သူတို့ ပစ်ခံရတယ်။ ပစ်ခံရတော့ တစ်စီး မီးလောင်သွားတယ်။ အဲ့ဒီကပဲနေပဲ ဆုတ်ပြီးတော့မှ ရွှေကူမှာပဲ တောက်လျှောက် ကပ်ထားတာပေါ့နော်။ ဆန်တက်မရလို့ အောက်ဘက် ပြန်စုန်ပြီး ကပ်ထားတယ်လို့ သိရ တယ်” ဟု ပြောသည်။
ဇူလိုင်လ ၂၇ ရက်နေ့တွင် တစ်ကြိမ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် တစ်ကြိမ် နှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရသည်ဟု မြစ်ကြောင်း အခြေအနေကို စောင့်ကြည့်နေသူများက ပြောသည်။
ယခု ရေကြောင်းမှ စစ်သင်္ဘောများ တက်လာခြင်းသည် ကချင်ပြည်၏ ဒုတိယမြို့တော် ဗန်းမော်မြို့ကို လက်မလွှတ်ရရေး ကြိုးစားနေခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ဗန်းမော် ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက “စစ်သင်္ဘော အခြေအနေ ကတော့ ရွှေကူအထွက်နားမှာ တိုက်ပွဲတွေ ဖြစ်ကြတယ်။ ဒီဘက်တက်ဖို့ကို ကြိုးစားနေ သေးတယ်ပေါ့။ လော လောဆယ် ဒီဘက်ကို ဖောက်ထွက်လို့မရတဲ့ အခြေအနေဖြစ်နေတယ်။ ဒုတိယမြစ်ကျဥ်းကိုလည်း မကျော်နိုင် သေးဘူးဗျ” ဟု ပြောသည်။
ရွှေကူမြို့မှ ဗန်းမော်ဘက်အထွက် ဒုတိယမြစ်ကျဥ်းတစ်ဝိုက်တွင် KIA နှင့် ကာကွယ်ရေး ပူးပေါင်းတပ်တို့က တိုက်ခိုက်ခြင်းကြောင့် ဇူလိုင်လ ၃၁ ရက်နေ့အထိ ရှေ့ဆက်တက် မရဘဲ ရွှေကူမြို့တွင် ကျောက်ချ ရပ်နားထားရ သည်ဟု ဆိုသည်။
အဆိုပါ စစ်သင်္ဘော ရေယာဉ်တန်းမှာ ဇူလိုင်လ ၂၇ ရက်နေ့မှ စတင်ကာ မြစ်ကမ်းဘေးတစ်လျှောက်တွင် ရှိသည့် ကျေးရွာများထဲ မြေပြင်မှလည်း စစ်ကြောင်းထိုးနေပြီး ငဘတ်ဝကျေးရွာ တစ်ဝိုက်တွင် နှစ်ဖက်တပ်များ ထိတွေ့ မှု ဖြစ်ပွားခဲ့သေးသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ ဆန်တက်လာသည့် စစ်သင်္ဘောအစီး ၂၀ ကျော်ထဲက စစ်သင်္ဘော ၁၂ စီးမှာ ဇူလိုင်လ ၂၆ ရက်နေ့ ညပိုင်းတွင် ရွှေကူမြို့ကို ရောက်ရှိလာခြင်း ဖြစ်သည်။