မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဟာ ဘယ်လိုနေရာမှာ ရှိနေတတ်ပြီး ဘယ်လိုအန္တရာယ်တွေ ပေးနိုင်သလဲ။ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်။

မြန်မာနိုင်ငံဟာ အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေး ရစဉ်ကတည်းက ပြည်တွင်း စစ်စတင်ခဲ့ပါတယ်။ ပြည်တွင်းစစ် ဖြစ်ပွားခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၇၀ ကျော်ရှိခဲ့ပါပြီ။

အဓိကက‌တော့ ဒီမိုကရေစီရေး ဆုံးရှုံးမှုတွေ၊ တိုင်းရင်းသား အခွင့်အရေး ဆုံးရှုံးမှုတွေကြောင့် ပြည်တွင်းစစ်ဟာ ကြီးလာလိုက် နည်းနည်းလေး သေးသွားလိုက်နဲ့ ရှိခဲ့ပေမယ့် စစ်ကင်းစင်တဲ့ အချိန်ကတော့ မရှိသလောက်ပါပဲ။

အထူးသဖြင့်တော့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား ဒေသတွေ ဖြစ်တဲ့ နယ်စပ်ဒေသတွေနဲ့ တောင်ပေါ်ဒေသတွေ ဟာ စစ်ဘေးစစ်ဒဏ် အခံရဆုံး ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းချိန်မှာတော့ ပြည်တွင်းစစ်ဟာ တပြည်လုံး တနိုင်ငံလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပြန့်နှံ့သွားခဲ့ပါတယ်။ 

နေပြည်တော်နဲ့ ရန်ကုန်ကလွဲလို့ ရှမ်းပြည်မြောက်ပိုင်း နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း အပါအဝင် ကျန် ပြည်နယ်နဲ့ တိုင်း အားလုံးမှာ စစ်ပွားတွေ ဖြစ်ပွားနေခဲ့ပါတယ်။

ပြည်တွင်းစစ်အတွင်းမှာ ပြည်သူတွေကို ဒုက္ခပေးတဲ့ အရာတွေ အများအပြား ရှိပေမယ့် ဒုက္ခအပေးဆုံး တစ်ခု ကတော့ မြေမြှုပ်မိုင်းတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန် ပစ္စည်းတွေ ဖြစ်ပါတယ်။

ဒီအပိုင်းမှာတော့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းတွေက ဘာတွေလည်း ဘယ်လိုနေရာတွေမှာ ရှိတတ်သလဲ ဘယ်လို အန္တရာယ်တွေ ပေးတယ်ဆိုတာကို ပြောပြသွားမှာပါ။

မြေမြှုပ်မိုင်းတွေ ဆိုတာကတော့ ကလေး၊ လူငယ်၊ လူကြီး၊ ကျားမ မရွေး ဘယ်သူ့ကိုမဆို ထိခိုက်ဒဏ်ရာ ရစေသလို ထိခိုက်သေဆုံးစေတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ 

မြေမြှုပ်မိုင်းကို တိုက်ပွဲတွေထဲမှာ တဘက် ရန်သူတွေကို ထိခိုက်သေကြေအောင် ဒဏ်ရာရအောင် လုပ်တဲ့ စစ်လက်နက် ပစ္စည်းတွေ ဖြစ်ပါတယ်။ 

အဲဒီထဲမှာ Anti-personal (လူသတ် မြေမြုပ်မိုင်း) တွေ ပါသလို၊ မော်တော်ယာဉ်တွေကို ထိခိုက်ပျက်စီးစေဖို့ ပြင်းအားများတဲ့ တင့်ဖျက်မိုင်း၊ ယာဉ်ဖျက်မိုင်း နဲ့ မြေမြှုပ်မိုင်း တွေလည်း ပါဝင်ပါတယ်။ 

မြေမြှုပ်မိုင်းတွေမှာတော့ ပုံသဏ္ဍာန်၊ အရွယ်အစားနဲ့ အရောင် အမျိုးမျိုး ရှိပါတယ်။ 

များသောအားဖြင့်တော့ ပတ်ဝန်းကျင်နဲ့ ရောထွေးသွားတဲ့ အရောင်၊ ပုံသဏ္ဍာန်တွေနဲ့ လုပ်ထားတာကြောင့် တွေ့မြင်နိုင်ဖို့ ခက်ခဲပါတယ်။ 

သတ္တု၊ သစ်သား၊ ဝါး၊ ပလပ်စတစ် စတာတွေနဲ့ လုပ်ထားတတ်ကြပါတယ်။ 

မြေမြှုပ်မိုင်း တစ်လုံးတွေ့ရင် အနားမှာ တခြားမြေမြှုပ်မိုင်းတွေ ထပ်ရှိနိုင်သေးတယ်ဆိုတာကို သတိပြုရမှာ ဖြစ်ပါတယ်။

မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အဓိက အန္တရာယ်ရှိတဲ့ နေရာတွေက စစ်စခန်း ဟောင်းနေရာတွေ၊ စစ်ဆေးရေးဂိတ်တွေ၊ လူမနေတာ ကြာသွားတဲ့ ရွာတွေ၊ စွန့်ပစ်ခဲ့တဲ့ ရွာမြေ၊ လယ်ယာမြေနဲ့ အသုံးမပြုတော့တဲ့ လမ်းတံတားဟောင်းတွေ ဖြစ်ပါတယ်။

မြေမြှုပ်မိုင်းတွေကိုတော့ ရန်သူ လာရာလမ်းတွေမှာ ထောင်ထားတာ၊ ရန်သူလာနိုင်တဲ့ လမ်းမှာရှိတဲ့ မြက်ပင် တွေ၊ သစ်ပင်တွေအောက်၊ အပေါ်မှာ ထားတာမျိုး၊ တပ်ဆုတ်တဲ့ အခါမှာ ရန်သူဝင်လာရင် အန္တရာယ် ဖြစ်အောင် ထောင်ခဲ့တာမျိုးတွေ ရှိပါတယ်။ 

စစ်ဖြစ်ပွားထားတဲ့ နေရာတွေ၊ စစ်စခန်းဟောင်းတွေ၊ ပဋိပက္ခဒေသတွေက လမ်းကြောင်းတွေ၊ လမ်းဘေးနေရာ တွေနဲ့ ရေခပ်ဆင်းတဲ့ နေရာတွေမှာလည်း ရှိနေတတ်ပါတယ်။ 

ဒါ့ကြောင့် ခရီးသွားပြီဆိုရင် ကိုယ့်အရှေ့မှာ တိရိစ္ဆာန် အသေကောင်တွေ၊ အရိုးစုတွေ၊ ပျက်စီးနေတဲ့ ဆိုင်ကယ်/ကားတွေ၊ စွန့်ပစ်စခန်းဟောင်း နေရာတွေနဲ့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ပေါက်ကွဲ ထားတာမျိုးတွေ့ရင် အန္တရာယ်ရှိတယ်လို့ ယူဆနိုင်ပြီး လာရာလမ်းအတိုင်း ပြန်လှည့်လာတာမျိုးက အန္တရာယ် အကင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

မြေမြှုပ်မိုင်း ဆန့်ကျင်ရေးနဲ့ ပညာပေးရေး အဖွဲ့တွေရဲ့ အချက်အလက်တွေ အရဆိုရင် ၁၉၉၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကျော်ကာလမှာ မိုင်း ထိမိသူပေါင်း ခုနှစ်ထောင် ကျော်ရှိခဲ့ပေမယ့် ၂၀၂၃ ခုနှစ် တစ်နှစ်ထဲမှာတော့ နှစ်ထောင့်ကိုးရာကျော် အထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် တိုက်ပွဲနဲ့ ပဋိပက္ခဒေသတွင်းနဲ့ စစ်မက်ဖြစ်ပွားတဲ့ နေရာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ မြေမြှုပ်မိုင်းအကြောင်း သိသင့် သိထိုက်တာတွေ သိထားပြီး အန္တရာယ်တွေကို ရှောင်ရှားနိုင်ဖို့ လိုအပ်ပါတယ်။ 

ဒီမြေမြှုပ်မိုင်းတွေနဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဟာ ဘာတွေလဲ၊ အန္တရာယ် မဖြစ်အောင် ဘယ်လို ရှောင် ရှားသင့်လဲ ဆိုတာတွေကို နောက်ပိုင်းတွေမှာလည်း အသေးစိတ် တင်ဆက်ပေးသွားဖို့ ရှိပါတယ်။

Photo – ABSDF