မြေမြုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော ပစ္စည်းဆိုတာ ဘာတွေလဲ။

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်။

အရင်လကတော့ မြေမြုပ်မိုင်းနဲ့ ပတ်သက်ပြီး မြေမြုပ်မိုင်းဆိုတာဘာလဲ၊ ဘယ်နေရာတွေမှာ ရှိတတ်သလဲ၊ မြေမြုပ်မိုင်း အန္တရာယ်ကင်းအောင် ဘယ်လို လုပ်မလဲ ဆိုတာကို အကြမ်းဖျဉ်း ခြုံငုံပြီး ပြောပြခဲ့ပါတယ်။ 

အခုတပါတ်ကနေ စပြီးတော့ အဲဒါတွေကို အသေးစိတ်ခွဲခြမ်း စိတ်ဖြာပြီး အသိပညာပေး အကြောင်းအရာ လေးတွေ တင်ဆက်သွားမှာပါ။ 

ဒီတပါတ်မှာတော့ မြေမြုပ်မိုင်းဆိုတာဘာလဲ၊ ပေါက်ကွဲစေတတ်သော စစ်ကျန် ပစ္စည်း ဆိုတာ ဘာလဲ ဆိုတာ အသေးစိတ် ပြောပြသွားမှာပါ။ 

လူတွေကတော့ မြေကြီးပေါ်မှာ လွတ်လွတ်လပ်လပ် သွားလာနေကြပါတယ်။ ဒါပေမယ့် အဲဒီမြေကြီး ပေါ်မှာပဲ ဖြစ်ဖြစ် မြေကြီးအောက်မှာပဲ ဖြစ်ဖြစ် မမြင်ရတဲ့ အန္တရာယ်မျိုးစုံ ရှိနိုင်တယ် ဆိုတာ မသိကြပါဘူး။ 

အထူးသဖြင့် မြန်မာနိုင်ငံလို့ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ နိုင်ငံမှာ အန္တရာယ်ဟာ နေရာမရွေး ရှိနေနိုင်ပါတယ်။ 

အဲ့ဒါက‌တော့ မြေကြီးအောက်မှာ ဖြစ်စေ မြေကြီးပေါ်မှာ ဖြစ်စေ ရှိနေတတ်တဲ့ အန္တရာယ် ဒါမှမဟုတ် မြေမြုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန် ပစ္စည်းတွေ ဖြစ်ပါတယ်။ 

မြေမြုပ်မိုင်းတွေမှာ လူတွေကို ရည်ရွယ်ထားတဲ့ မြေမြုပ်မိုင်းနဲ့ ယာဉ်တွေ ကားတွေကို ရည်ရွယ်ပြီး မြုပ်ထားတဲ့ မြေမြုပ်မိုင်းဆိုပြီး ၂ မျိုး ရှိပါတယ်။ 

လူတွေကို ရည်ရွယ်ပြီး ထောင်ထား မြုပ်ထားတဲ့ မြေမြုပ်မိုင်းတွေကိုတော့ Anti-personal Landmine ဒါမှမဟုတ် လူသတ်မိုင်းလို့ ခေါ်ပါတယ်။ 

ယာဉ်တွေ ကားတွေကို ရည်ရွယ်ပြီး ထောင်ထား မြုပ်ထားတဲ့ မိုင်းတွေကိုတော့ ယာဉ်ဖျက်မိုင်း ဒါမှမဟုတ် တင့်ကား ဖျက်မိုင်း အင်္ဂလိပ်လို့ Anti-Tank mine လို့ ခေါ်ကြပါတယ်။ 

လူသတ်မိုင်းဆိုတာက လူတွေ တက်နင်းမိရင် ဒါမှမဟုတ် ထိတွေ့မိရင် ပေါက်ကွဲအောင် လုပ်ထားတာပါ။ 

ယာဉ်ဖျက်မိုင်း ဒါမှမဟုတ် တင့်ကားဖျက်မိုင်းတွေကတော့ သူ့အပေါ်ကို ယာဉ်တွေ ကားတွေ ဖြတ်သွားတဲ့ အခါမှာ ပေါက်ကွဲ‌အောင် လုပ်ထားတာပါ။ 

ဒါပေမယ့် အလေးချိန် ဘယ်လောက်ရှိမှ ပေါက်ကွဲမယ်ဆိုတာမျိုး သတ်မှတ်ထားလို့တော့ မရပါဘူး။ 

အခန့်မသင့်ရင် ပေါက်ကွဲတတ်တာမို့ လူသတ်မိုင်း ဖြစ်စေ တင့်ဖျက်မိုင်း ဖြစ်စေ ဝေးဝေးက ရှောင်ရှားဖို့ လိုပါတယ်။ 
ပိုပြီးဆိုးတာကတော့ မိုင်းထောင်တယ်ဆိုတာ တဖက်လူ မသိအောင် ထောင်တာမျိုး ဖြစ်ပါတယ်။ 

မြေမြုပ်မိုင်းတွေကို ကလေးတွေက တွေ့ပြီး ကစားစရာလို ကစားမိလို့ ပေါက်ကွဲတာမျိုးတွေလည်း ရှမ်းမြောက် ဒေသတွေမှာ ရှိခဲ့ပါတယ်။ 

နောက်တမျိုးကတော့ အိမ်သုံးပစ္စည်းတွေ စားသုံးကုန်ပစ္စည်း ဗူးခွံတွေနဲ့ လုပ်ထားတတ်ပါတယ်။ အိမ်သုံးပစ္စည်းတွေ စားသုံးကုန်ပစ္စည်းတွေလို့ ထင်မှတ်ပြီး ကိုင်တွယ်ရင် ပေါက်ကွဲအောင် လုပ်ထားတာမျိုးပါ။ 

နောက်တမျိုးကတော့ ပတ်ဝန်းကျင်မှာ ရှိနေတတ်တဲ့ ကျောက်တုံးပုံ၊ သစ်သားတုံး ပုံစံမျိုးတွေရုပ်ဖျက်ပြီး မြေပြင်ပေါ် မြေပြင်အောက် ဒါမှမဟုတ် မြေအောက် တဝက်တပျက် ထားထားတတ်ကြပါသေးတယ်။ 

ဒါကလည်း ကျောက်တုံးမှတ်ပြီး သစ်တုံးမှတ်ပြီး နင်းမိရင်၊ ကိုင်တွယ်မိရင် ပေါက်ကွဲအောင် လုပ်ထားတာပါ။ 

ဒါကြောင့် သေသေချာချာ မသိတဲ့ ပစ္စည်းတွေဟာ ဆိုရင် မြေမြုပ်မိုင်းတွေ ဖြစ်နေနိုင်တာမို့ မထိမတွေ့၊ မကိုင်မတွယ်ပဲ ထားတာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ 

နောက်တခုကတော့ တူးစွထားတဲ့မြေမျက်နှာပြင်တွေ၊ ပုံမှန်မဟုတ်တဲ့ မြေမျက်နှာပြင်တွေ၊ သစ်ရွက်တွေ မြေကြီးစတွေ ပြန်ဖုံးထားတဲ့ မြေမျက်နှာပြင်တွေ အောက်မှာလည်း မြေမြုပ်မိုင်းတွေ ရှိတတ်ပါတယ်။ 

ဒါကြောင့် တခုခု ထူးခြားနေရင် ပုံသဏ္ဍာန်မမှန်ရင်လည်း ရှောင်ရှား သင့်ပါတယ်။ 

မြေမြုပ်မိုင်းတွေပြီးတော့ နောက်ထပ် အန္တရာယ်ရှိတဲ့ အရာတစ်ခုက ပေါက်ကွဲစေနိုင်တဲ့ စစ်လက်ကျန် ပစ္စည်း တွေ ဖြစ်ပါတယ်။ 

စစ်ဖြစ်ထားတဲ့ နေရာတွေ၊ စစ်ဖြစ်နေချိန်အတွင်း စစ်ကြောင်းတွေ သွားလာထားတဲ့ နေရာတွေ၊ လေယာဉ် ဗုံးကြဲ ထားတဲ့ နေရာတွေ၊ စစ်စခန်း ချသွားတဲ့နေရာတွေမှာ ပေါက်ကွဲစေတတ်တဲ့ စစ်လက်ကျန်ပစ္စည်းတွေ ရှိနေတတ် ပါတယ်။ 

အဲဒီ ပစ္စည်းတွေထဲမှာ ဘာတွေ ပါသလဲ ဆိုရင်တော့ မပေါက်ကွဲသေးတဲ့ မြေမြုပ်မိုင်းတွေ၊ တင့်ဖျက်မိုင်းတွေ၊ လက်ပစ်ဗုံးတွေ၊ အမြှောက်ကျည်တွေ၊ မော်တာကျည်တွေ၊ လေယာဉ်ပေါ်က ကြဲချတဲ့ ဗုံးတွေ၊ ဗုံးငယ်လေးတွေ ပါဝင်ပါတယ်။ 

မြေမြုပ်မိုင်းတွေကတော့ ခုနက ပြောပြထားပါပြီ၊ လက်ပစ်ဗုံးဆိုတာကလည်း လက်နဲ့ ကိုင်ပြီး ပစ်ပေါက်ရတဲ့ ဗုံးတွေ ဖြစ်ပါတယ်။ 

ထုတ်လုပ်တဲ့ နိုင်ငံရဲ့ ထုတ်လုပ်တဲ့ ရည်ရွယ်ချက် ပေါ်မူတည်ပြီး ပုံသဏ္ဟာန် ကွဲပြားနိုင်ပါတယ်။ 

အများဆုံး တွေ့ရတာကတော့ လျက်ဆားပုလင်းပုံစံ အရှည်မျိုးနဲ့ နာနတ်သီးလို့ ခေါ်တဲ့ ကိုယ်ထည်မှာ အကွက် အကွက်တွေ ပါတဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။  

မော်တာနဲ့ အမြှောက်ကျည်တွေ အများစုမှာကတော့ ထိပ်မှာ ထိပ်ဖူးပါပြီး ဖင်ပိုင်းမှာ ဒလက်တွေ ပါတတ်ပါ တယ်။ တချို့မော်တာတွေမှာတော့ ထိပ်ဖူး ပါလေ့ မရှိပါဘူး။ 

ထိပ်ဖူးမှာ ပေါက်ကွဲစေတတ်တဲ့ အပိုင်း ထည့်သွင်းထားတာမျိုးရှိပြီး ထိပ်ဖူးက မြေကြီးပေါ်ကျတာပဲ ဖြစ်ဖြစ်၊ တစ်ခုခုကို ထိမှန်တာပဲ ဖြစ်ဖြစ် ပေါက်ကွဲအောင် လုပ်ထားတာ ဖြစ်ပါတယ်။ သူက ပေါက်ကွဲအား ပြင်းထန် တတ်ပါတယ်။ 

လေယာဉ်ဗုံးတွေကတော့ အရွယ်အစား ကြီးမားပြီး အလေးချိန် များလေ့ရှိပါတယ်။ စလင်ဒါပုံ သံထည်တွေ ဖြစ်တတ်ပါတယ်။ သူက‌တော့ ပေါက်ကွဲအား အလွန်ပြင်းထန်ပါတယ်။ 

နောက်တခုကတော့ ဗုံးသီးငယ်တွေပါ။ ကလပ်စတာ ဗုံးလို့ခေါ်တဲ့ ဗုံးသီးငယ်လေးတွေ အများအပြားပါတဲ့ ဗုံးထဲက ဗုံးသီးငယ်လေးတွေပါ။

သူ့ကို တွေ့တယ်ဆိုရင် အနီးအနားမှာ သူ့လို့ ဗုံးသီးငယ်လေးတွေ ရှိနေတတ် ပါတယ်။ သူကလည်း အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ 

ဒါကြောင့် မသေချာတဲ့ ပစ္စည်းတစ်ခုခုကို မြင်တွေ့ရတဲ့အခါ လုံးဝမထိမိဖို့၊ မရွှေ့ပြောင်းမိဖို့နဲ့ အနီးကပ် မကြည့်ရှုဖို့ က အရေးကြီးပါတယ်။ 

အန္တရာယ်ရှိနိုင်တယ်လို့ သံသယရှိရင် သက်ဆိုင်ရာ အာဏာပိုင်တွေ၊ တာဝန်ရှိသူတွေ ဒါမဟုတ် မိုင်းရှင်းလင်းရေး အဖွဲ့အစည်းတွေကို ချက်ချင်းပဲ အကြောင်းကြားသင့်ပါတယ်။