မုန်တိုင်း မပြီးခင် မုန်တိုင်းသစ် ဝင်လာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။
ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်ဒေသများတွင် ဖျက်အား ပြင်းပြင်းနှင့် တိုက်ခတ်ပြီးနောက် မုန်တိုင်း ရာဂါဆာသည် တရုတ်ကမ်းခြေကို ဝင်ရောက်ပြီး အားပျော့လာနေချိန်မှာပင် နောက်ထပ် မုန်တိုင်းတစ်ခုက ပြင်းအား အဆင့် ၄ အထိ အားကောင်းလာပြီး ဖိလစ်ပိုင်နိုင်ငံ၊ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံများကို ဦးတည်နေသည်။
လက်ရှိတိုက်ခတ်နေသည့် မုန်တိုင်း ရာဂါဆာက ဗုဒ္ဓဟူးနေ့တွင် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်းတုံ ပြည်နယ်ကို တနာရီ မိုင် ၉၀ နှုန်းဖြင့် ဝင်ရောက်လာခဲ့သည်။ ယင်းမတိုင်မီက ထိုင်ဝမ်နဲ့ ဟောင်ကောင်တို့တွင် အားပြင်းပြင်း တိုက်ခတ်ခဲ့ပြီး တိုင်ဝမ်တွင် လူ ၁၄ ဦး သေဆုံးခဲ့သည်။
ကွမ်းတုံ ပြည်နယ်ထဲတွင် လူများ သိန်းနဲ့ချီပြီး နေရာ ရွှေ့ပြောင်းမှုများ လုပ်ထားရသည်။
ရာဂါဆာ မုန်တိုင်းသည် ဗီယက်နမ် နိုင်ငံကို ဦးတည်နေပြီး ကုန်းတွင်းပိုင်းအရောက်တွင် အားပျော့လာနေပြီဖြစ်သည်။
ဤအချိန်မှာပင် ဖိလစ်ပိုင်နိုင်ငံ အရှေ့ဘက်ပိုင်းတွင် နောက်ထပ် တိုင်ဖုန်း မုန်တိုင်းသစ် ဖြစ်ပေါ်လာနေခဲ့သည်။
မုန်တိုင်းအ သစ်ကို Bualoi ဟု အမည်ပေးထားပြီး သောကြာနေ့ညတွင် တောင်တရုတ်ပင်လယ်အတွင်း ဝင်ရောက်လာမည် ဖြစ်သည်။
ကြာသပတေးနေ့ နံနက်တွင် ဖိလစ်ပိုင် အလယ်ပိုင်းကို ဝင်ရောက်မှာ ဖြစ်ပြီး လေတိုက်နှုန်းမှာ ၁၂၄-၁၄၉ ကီလိုမီတာ အထိ ရှိနေသည်။
ဂျပန်နိုင်ငံ၏ မိုးလေဝသဌာနမှ ခန့်မှန်းချက်အရ မုန်တိုင်းသစ် Bualoi သည် ကြာသပတေးနေ့တွင် ခန့်မှန်းခြေ လေတိုက်နှုန်း ၁၄၄ ကီလိုမီတာရှိရာမှ တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်သည့် အခါတွင် တစ်နာရီကို ကီလိုမီတာ ၁၂၆ လောက်အထိ ကျဆင်းသွားမည်ဖြစ်သည်။
သို့ရာတွင် တောင်တရုတ်ပင်လယ်အတွင်း အားပြန်ကောင်းလာပြီး တနာရီကို ကီလိုမီတာ ၁၆၂ လောက်အထိ လေတိုက်နှုန်း ရှိနိုင်သည်ဟု ဆိုသည်။
ထိုင်း မိုးလေဝသ ဌာနက မုန်တိုင်း Bualoi သည် စက်တင်ဘာ ၂၈-၂၉ ခန့်တွင် လမ်းကြောင်း ပြောင်းလဲသွားနိင်သဖြင့် စောင့်ကြည့်ရန် လိုအပ်သည်ဟု ထုတ်ပြန်ထားသည်။
မုန်တိုင်း Bualoi ဆိုသည်မှာ ထိုင်းနိုင်ငံကမုန့် တမျိုး၏ အမည်ကို ယူထားခြင်း ဖြစ်သည်ဟု ဆိုသည်။