ယူကရိန်း သမ္မတက ကုလ ညီလာခံတွင် လက်နက်ကြော်ငြာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။ 

ယခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်းနိုင်ငံ အသိအမှတ်ပြုရေး ကိစ္စနှင့် ယူကရိန်း စစ်ပွဲများက ထိပ်တန်း အကြောင်းအရာများ ဖြစ်လာခဲ့သည်။ 

ထို အခြေအနေတွင် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်းစကီး Volodymyr Zelenskyy က ညီလာခံတွင် ယူကရိန်း ထုတ် လက်နက်များ အကြောင်း ပြောကြား သွားခဲ့သည်။ 

ယူကရိန်း သမ္မတ၏ မိန့်ခွန်းထဲတွင် ယူကရိန်းထုတ် လက်နက်များကို နိုင်ငံခြားသို့ စတင်တင်ပို့တော့မည်ဟု ပြောကြားသွားသည်။ 

ရုရှားက ဝင်ရောက်ကျူးကျော်သည့်အချိန်  စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ထားပြီးနောက်တွင် ယူကရိန်း နိုင်ငံထုတ် လက်နက်များအား ပြည်ပသို့ ထုတ်ရောင်းခြင်းကို ကန့်သတ်ထားခဲ့သည်။ ထိုကန့်သတ်ချက်ကို ယခု ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။ 

ယူကရိန်းနိုင်ငံထုတ်လက်နက်များသည် အမှန်တကယ် စစ်ပွဲများ အတွင်း စမ်းသပ်ထားသည့် အားကောင်းသော စနစ်များ ဖြစ်သည်ဟု သူက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။ 

ယူကရိန်း၏ လက်နက်များသည် “ယုံကြည်ရပြီး ခေတ်မီ”သော လက်နက်များ ဖြစ်သည်ဆိုသည်ကို မိတ်ဖက် နိုင်ငံများ သိစေချင်သည်ဟု သူက ပြောသည်။ 

ယူကရိန်းက အဓိက တင်ပို့မည့် လက်နက်များထဲတွင် ဒရုန်းနှင့် ဒုံးကျည်များ ပါဝင်မည် ဖြစ်သည်။ ယူကရိန်းနိုင်ငံသည် လက်ရှိတွင် တစ်နှစ်ကို ဒရုန်းပေါင်း ၄ သန်း ထုတ်လုပ်နိုင်စွမ်းရှိသည်ဟု နောက်ဆုံး အစီရင်ခံစာများက ဆိုထားပြီး လုံလောက်သည့် ရံပုံငွေ ရှိမည်ဆိုပါက ၈ သန်းအထိ ထုတ်နိုင်သည်ဟု ဆိုသည်။ 

ယူကရိန်း နိုင်ငံတွင် လောလောဆယ် လက်နက် ထုတ်လုပ်သော လုပ်ငန်း ၈၀၀ ရှိနေပြီး ယင်းတို့အနက် ၂၀၀ ကျော်က ဒရုန်း ထုတ်လုပ်ကြသည်။