မုန်တိုင်း ကဂျီကီ (Kajiki) က တိုင်ဖုန်းမုန်တိုင်း ဖြစ်လာ၊ ထိုင်းနှင့် မြန်မာနိုင်ငံများတွင် မိုးကြီးမည်။ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်။ 

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေသော ကဂျီကီ (Kajiki) မုန်တိုင်းသည် တိုင်ဖုန်း မုန်တိုင်း အဖြစ်အားကောင်းလာပြီး ဗီယက်နမ်နှင့် လာအို နိုင်ငံ အထက်ပိုင်းကို ဦးတည်လျက်ရှိနေသည်ဟု ထိုင်းနှင့် မြန်မာ မိုးလေဝသ ဌာနများက ထုတ်ပြန်ထားသည်။ 

ကဂျီကီ မုန်တိုင်းမှ တိမ်တိုက်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာနိုင်ပြီး ဘင်္ဂလားပင်လယ်အော်ရှိ လေဖိအားနည်း ရပ်ဝန်းများ အရှိန်ကြောင့် ဩဂုတ်လ ၂၆ ရက်မှ ၂၈ ရက်အတွင်း မြန်မာနိုင်ငံ ဒေသ အများအပြားတွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒ ဦးစီဌာနမှ ဩဂုတ် ၂၄ ရက် ညနေတွင် ထုတ်ပြန်ထားသည်။ 

မိုးရွာသွန်းနိုင်သည့် နေရာများအဖြစ် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း တနင်္သာရီတိုင်း၊ ကယား (ကရင်နီ) ပြည်၊ ကရင်ပြည်၊ ချင်းပြည်၊ မွန်ပြည်၊ ရခိုင်ပြည်နှင့် ရှမ်းပြည်တို့တွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်သည်ဟု ခန့်မှန်းထားသည်။ 

အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း သတိပေးထားသည်။ 

ထိုင်းမိုးလေဝသ ဌာန အဆိုအရ မုန်တိုင်းသည် လာအိုနိုင်ငံကို ဖြတ်ပြီး ထိုင်း အရှေ့မြောက် ဒေသ၏ အရှေ့ပိုင်းသို့ ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းထားကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားပါသည်။ 

အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် မြန်မာနိုင်ငံနှင့် နီးစပ်သော ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်၊ မဲဟောင်ဆောင် ၊ တာ့ခ် ခရိုင်များ အပါအဝင် ခရိုင် ၁၅ ခုတွင် မိုးသီးထန်စွာ ရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားပါသည်။ 

အခြား ထိုင်းနိုင်ငံ၏ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် တောင်ပိုင်း ခရိုင်အများအပြားတွင်လည်း မိုးကြီးမည်ဟု ဆိုပါသည်။ 

လက်ရှိ တောင်တရုတ်ပင်လယ်ရှိ Kajiki မုန်တိုင်းသည် တနာရီလျှင် မိုင် ၉၀ နှုန်းကျော်အထိ အရှိန်ပြင်းလာပြီး တိုင်ဖုန်း မုန်တိုင်းအဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။