ကောင်းကင်ပြာကို ချစ်တဲ့ အင်္ဂလန်သူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်။
Jade ဟာ ကောင်းကင်ပြာကြီးကို ချစ်တဲ့ အင်္ဂလန်နိုင်ငံက အမျိုးသမီး တယောက်ဖြစ်ပါတယ်။
သူ့နာမည် အပြည့်အစုံကတော့ Jade Damarell (ဂျိတ် ဒမာရဲလ်) ဖြစ်ပါတယ်။
သူဟာ အသက် ၃၂ နှစ်အရွယ် စွန့်စားတတ်တဲ့ အမျိုးသမီး တယောက်လည်း ဖြစ်ပါတယ်။
လေထီးခုန်တာဟာ သူ့ဘဝပါ။ လေထီးအကြိမ်ပေါင်း ၅၀၀ ကျော်ခုန်ချဘူးတဲ့ သူ ဖြစ်သလို့ လေထီးခုန်ရင်းနဲ့ပဲ သူ့ချစ်သူနဲ့လည်း တွေ့ဆုံခဲ့တာပါ။
ဧပြီလ ၂၇ ရက်နေ့ကတော့ ရာသီဥတု သာယာနေခဲ့တဲ့ နေ့တနေ့ဖြစ်ပါတယ်။ Jade ချစ်တဲ့ ကောင်းကင်ကြီးကလည်း ပြာနေခဲ့ပါတယ်။
ဒါပေမယ့် အဲဒီနေ့ကတော့ Jade အတွက် ပျော်ရွှင်စရာ ရှိပုံမရပါဘူး။
အဲဒီနေ့က Jade ဟာ ခါတိုင်းလိုပဲ လေထီးခုန်ပါတယ်။ ဒါပေမယ့် ဒီတခါတော့ ခါတိုင်းလို မဟုတ်တော့ပါဘူး။
သူ့ရဲ့ လေထီးဟာ မပွင့်ခဲ့သလို လေထီးခုန်နေကြ Jade ဟာ အရန် လေထီးကိုလည်း ဆွဲမထုတ်ခဲ့ပါဘူး။
သူဟာ အမြင့်ပေ ၁၅၅၀၀ ကနေ ခုန်ချခဲ့တာပါ။ အဲဒီက ကျတဲ့ အရှိန်နဲ့ပဲ မြေပြင်ကို ရိုက်မိပြီး သေဆုံးသွားခဲ့ပါတယ်။
သေဆုံးသွားခဲ့တဲ့ သူမရဲ့ခန္ဓာကိုယ်ကို စစ်ဆေးတဲ့အခါမှာတော့ အရက် ဒါမှမဟုတ် မူးယစ်ဆေးဝါးကို သုံးစွဲထားတာ မရှိခဲ့ပါဘူး။
သူ့ရဲ့ လေထီးပစ္စည်းတွေ အားလုံးကလည်း ကောင်းမွန်နေခဲ့ပါတယ်။
စုံစမ်းစစ်ဆေးရေးမှူး Dr. Leslie Hamilton ဟာ အခြေအနေအားလုံးကို စစ်ဆေးပြီးတဲ့နောက်မှာတော့ ခိုင်မာတဲ့ ကောက်ချက်တစ်ခု ချခဲ့ပါတယ်။ “ဖြစ်နိုင်ခြေအများဆုံးက သူမဟာ မိမိကိုယ်ကို အဆုံးစီရင်ဖို့ ရည်ရွယ်ခဲ့ တာဖြစ်ပါတယ်” လို့ သူက ပြောခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာကို မနေ့က ဩဂုတ် ၂၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ တာပါ။
Jade ဟာ မသေဆုံးခင်ညကပဲ သူ့ချစ်သူနဲ့ လမ်းခွဲခဲ့တာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးမှုက တွေ့ရှိခဲ့ပါတယ်။