သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက်။
မြိတ် – ရန်ကုန် ကားလမ်း ပိတ်နေသဖြင့် စားသောက်ကုန် စျေးနှုန်းများ မြင့်တက်နေသည်ဟု ဒေသခံပြည်သူများ က ပြောသည်။
မြိတ် – ပုလော လမ်းပိုင်းကို ပိတ်ထားသည့် အတွက် မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ် နှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် ကုန်စိမ်းနှင့် စားသောက်ကုန်ပစ္စည်းများ ဈေးတက်နေခြင်း ဖြစ်သည်။
ဒေသတွင်း တိုက်ပွဲများကြောင့် မြိတ် – ရန်ကုန် လမ်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားသဖြင့် ကုန်စိမ်းနှင့် စားဖိုချောင်သုံး စားသောက်ကုန် ပစ္စည်းများ ဈေးတက်နေသည်ဟု မြိတ်မြို့ခံများက ပြောသည်။
ကုန်စိမ်းရောင်းချနေသူ နောက်လယ်ရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “အရင်လမ်း မပိတ်ခင်က မြိတ်မြို့မှာ ကြက်ဥတစ်လုံးကို ၅၀၀ ပေါ့နော်။ အခုတော့ ၈၀၀ ပေးဝယ်စားရတယ်။ ကန်စွန်း ရွက်နဲ့ ချဉ်ပေါင်တောင် တစ်စည်းကို ၁၀၀၀ ပေးရတယ်။ ငရုတ်သီးစိမ်းဆို တစ်ဆယ်သား ငါးထောင်ပေးရ တယ်” ဟု ပြောသည်။
အချို့ကုန်စိမ်းများမှာ လမ်းမပိတ်မီ အချိန်ကထက် သုံးဆခန့် ဈေးတက်သွားသည်ဟု ကုန်စိမ်းရောင်းချနေသူ နောက်လယ်ရပ်ကွက်နေ အမျိုးသမီးက ပြောသည်။
မြိတ်ခရိုင်အတွင်းရှိ ပလမြို့ အနီးဝန်းကျင်တွင် စစ်ကော်မရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ကြား ရက်ရှည် တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လမ်းပိုင်း ဖြတ် သန်းသွားလာခွင့်ကို ဇူလိုင်လ ၂၅ ရက်နေ့မှစတင်ကာ ပိတ်ထားလိုက်ကြောင်း မြိတ်ခရိုင်တပ်ရင်း (၁) က ထုတ်ပြန်ထားသည်။
ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စသည့် မီးဖိုချောင်းသုံး ပစ္စည်းများလည်း ရေလမ်းခရီးမှ သယ်ယူခဲ့ရာတွင် အချို့မှာ ပုပ်ပွပျက်စီးကုန်သည်ဟုလည်း ကုန်စိမ်းသည်များက ပြောသည်။
ကုန်စိမ်းများ စျေးတက်နေသည့်အပြင် ဆန်တစ်အိတ်ကို လမ်းစရိတ်နှင့် အတင်အချစရိတ် အတွက်ပါ ထည့် ပေါင်းလျှင် ပျမ်းမျှ ကျပ်နှစ် သောင်းခန့်အထိ စျေးတက်လာသည်ဟု မြို့ခံကုန်သည်များက ဆိုသည်။
မြိတ်မြို့တွင် ရောင်းချနေသည့် ကုန်စိမ်း အများစုကို ရန်ကုန်မြို့ကဲ့သို့ တိုင်းပြင်ပမှ ကားဖြင့် တင်သွင်းပြီး ထားဝယ်၊ ပလောက်၊ ပုလောမြို့တို့မှလည်း လှေများဖြင့် ရေကြောင်းမှ ကုန်စည်များ သယ်နေကြရသည်ဟု ဆိုသည်။
ဓါတ်ပုံ – Myeik Breaking News