ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က လေယာဉ်နှင့် ဗုံးကြဲ၊ ဒေသခံ ၃ ဦးထိမှန် ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက်။
ရှမ်းမြောက်၊ ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနှင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ အမျိုးသမီး ၃ ဦး ထိမှန်ဒဏ်ရာ ရခဲ့သည်။
ဩဂုတ်လ ၄ ရက်နေ့၊ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ကျောက်မဲမြို့၊ ရပ်ကွက် ၆ ရှိ စျေးသစ်အနီးတဝိုက်ကို ပေါင် ၅၀၀ ဗုံးနှင့် ကြဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခ့များက ပြောသည်။
တအာင်း အမျိုးသမီးအဖွဲ့အစည်း TWO တာဝန်ရှိသူတစ်ဦးက “အရပ်သားရှိတဲ့ ရပ်ကွက်ထဲ ကျတာ ထိခိုက်မှု ရှိပါတယ်။ အိမ်တွေ ထိတယ်။ ပြည်သူ ၃ ဦး ထိတယ်။ အမျိုးသမီး ၃ ဦး လို့ သိရပါတယ်။ အရမ်းတော့ မစိုးရိမ် ရဘူးရှင့်” ဟု ပြောသည်။
အဆိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုထဲ ကျောက်မဲဒေသခံ အမျိုးသမီး ၃ ဦးထိမှန်ဒဏ်ရာ ရခဲ့သည့်အပြင် ကိုယ်ပိုင်ကျောင်း တစ်ကျောင်းမှ အဆောက်အအုံ၊ ဆေးခန်း တစ်ခု အပြင် နေအိမ် ၃ လုံး ထိမှန်ပျက်စီးသွားခဲ့ သည်။
ဒေသခံအမျိုးသမီး တစ်ဦးက “လေယာဉ်က နေ့တိုင်းလိုလို လာတယ် ဒီရက်ပိုင်းမှာနော်။ ဒီနေ့လာကြဲတာက ကိုယ်ပိုင်ကျောင်းနားပေါ့၊ ဘော်ဒါပေါ့ အဲ့နားမှာကျတာ။ အိမ်မှာတောင် သိပ်မနေရဲဘူး။ တခြားမှာ သွားနေဖို့ ကလည်း မလွယ်ဘူး။ အသံတွေကို အမြဲနားစွင့်နေရတယ်။ အဒေါ်တို့အိမ်မှာက ယောက်ကျားလေး မရှိဘူး။ မိန်းကလေးတွေပဲ အသံကြားတာနဲ့ အရမ်းကြောက်တယ်။ ပြေးလည်းမပြေးတတ်တော့ဘူး” ဟု ပြောသည်။
ယခု ဗုံးကျရောက် ပေါက်ကွဲမှုအတွင်း အသက် ၂၉ နှစ်ရွယ် ဒေါ်မီမီသွေး၊ အသက် ၃၈ နှစ်အရွယ် ဒေါ်မီမီရင်နှင့် အသက် ၆၀ နှစ်အရွယ် ဒေါ်အေးဝင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဇူလိုင်လ ပထမပတ်မှ ယခု ဩဂုတ်လ ပထမပတ်အထိ ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၈ ကြိမ်လုပ်ခဲ့သည်ဟု တအာင်းတပ် TNLA က ဩဂုတ်လ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်အတွင်း သေဆုံးသူ ၃ ဦး ရှိခဲ့ပြီး ၁၇ ဦး ထိမှန်ဒဏ်ရာရခဲ့သည်ဟု TNLA ထုတ်ပြန်ချက်က ဆိုသည်။
ထို့အပြင် နေအိမ် ၄၂ လုံး၊ စာသင်ကျောင်း ၁ ကျောင်းနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်းလည်း ဗုံးစထိမှန် ပျက်စီးသွားခဲ့သည်။
စစ်ကော်မရှင်တပ်က တအာင်းတပ်မတော် TNLA က ထိန်းချုပ်ထားသည့် မြို့ရွာများထဲ လေကြောင်း တိုက် ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းသူံး ဗုံးကြဲမှုများ ဆက်တိုက်လုပ်နေပြီး ဇူလိုင်လအတွင်း၌လည်း နောင်ချို၊ ကွတ်ခိုင်၊ သီပေါ၊ မိုင်းလုံ၊ မိုင်းငေါ့နှင့် မိုးကုတ်မြို့တို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။