လကမ္ဘာ၌ လူနေထိုင်နိုင်ရေး မြေမှုန်များကို အုတ်ဖြစ်အောင် လုပ်သော နည်းပညာ တရုတ်တီထွင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်။
ကမ္ဘာ့နိုင်ငံကြီးများ အကြား လကမ္ဘာပေါ်တွင် လူနေထိုင်နိုင်ရေးကို သူ့ထက်ငါ အပြိုင် ကြိုးစားလျက် ရှိနေကြ သည်။
လကမ္ဘာတွင် လူနေထိုင်ရေးအတွက် ရေ၊ အစားအစာနှင့် အောက်ဆီဂျင်တို့ အပြင် အဆောက်အအုံများ တည် ဆောက်ရေးသည်လည်း အရေးပါလှပေသည်။
အဆောက်အအုံများ ဆောက်လုပ်ရန် ပစ္စည်းများကို ကမ္ဘာမှ သယ်ဆောင်သွားရမည် ဆိုပါက စားစရိတ်ကစ စျေးနှုန်း အလွန်ကြီးမြင့်ပြီး အခေါက်ခေါက် အခါခါ သယ်ရမည် ဖြစ်သဖြင့် အခက်ကြုံနေကြရသည်။
မကြာသေးမီက တရုတ် သိပ္ပံ ပညာရှင်များက နေစွမ်းအင်ကို အသုံးပြု၍ လကမ္ဘာပေါ်က မြေမှုန်များကို အုတ် ဖြစ်အောင် လုပ်သော နည်းပညာကို တီထွင် စမ်းသပ်နိုင်ခဲ့သည်။
တရုတ် ပညာရှင်များက လကမ္ဘာပုံစံ အတုလေး တစ်ခုကို တရုတ်နိုင်ငံ Anhui ပြည်နယ်က Hefei ဒေသတွင် ဖန်တီးလိုက်သည်။
ထို့နောက် တီထွင်ထားသည့် ကိရိယာများဖြင့် နေရောင်ခြည်ကို ဖိုင်ဘာ အလင်းတန်း ကေဘယ်များနှင့် စုစည်း လိုက်ပြီး အပူချိန်မြင့်မားစွာ ထုတ်ယူလိုက်သည်။
အပူချိန် ၁၃၀၀ ဒီဂရီ စင်တီဂရိတ် ရောက်သည့်အခါ လကမ္ဘာ မျက်နှာပြင် နမူနာ လုပ်ထားသည့် သဲမှုန်များအား အပြား မျက်နှာပြင်၊ အကွေးပုံနှင့် ရှုတ်ထွေးသော ဂျီဩမေတြီ ပုံသဏ္ဍာန် အမျိုးမျိုး ရှိသည့် အုတ်ချပ်များအဖြစ် ပြုလုပ်နိုင်ခဲ့ကြသည်။
အဆိုပါ နည်းပညာကို အခြေခံ၍ လကမ္ဘာကို ပစ္စည်းများ သယ်ဆောင်သွားစရာ မလိုဘဲ အဆောက်အအုံများ တည်ဆောက်နိုင်တော့မည် ဖြစ်သဖြင့် လူနေစရာ နေရာများ တည်ဆောက်နိုင်မည့် အလားအလာ ရှိလာပြီဟု တရုတ် သိပ္ပံပညာရှင်များက ပြောသည်။
ဤစမ်းသပ်မှုကို လကမ္ဘာပေါ်တွင်တော့ စမ်းသပ်ခြင်း မပြုရသေးပေ။