စက်ရုပ်မေမေ ခေတ် ရောက်တော့မလား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်။ 

လူသားများ၏ တာဝန်တစ်ခုမှာ မျိုးဆက်ပြန့်ပွားရေး ဖြစ်သည်ဟု သတ်မှတ်ထားခဲ့ကြသည်။ 

သို့သော်လည်း ဤကိစ္စရပ်တွင် အပြောင်းအလဲကြီး ဖြစ်လာတော့မည့် အလားအလာတွေ ဖြစ်ပေါ်လာနေသည်။ 

တရုတ်နိုင်ငံရှိ ကိုင်ဝါ နည်းပညာ Kaiwa Technology ကုမ္ပဏီက ကမ္ဘာ့ ပထမဆုံး သားအိမ်တုနှင့် ကလေး မွေးဖွားနိုင်တော့မည်ဟု ပြောလိုက်သည်။ 

လူပုံသဏ္ဍာန်မျိုး ပြုလုပ်ထားသော သားအိမ်တုပါသည့် စက်ရုပ်သည် လူသားများ ကဲ့သို့ပင် ၉ လလွယ် ၁၀ လဖွား ကလေးမွေးပေးနိုင်တော့မည်ဟု ဆိုသည်။ “စက်ရုပ်မေမေ” ဟု ခေါ်ဆိုရမည် ထင်သည်။ 

စက်ရုပ်၏ ရေမွှာရည်အိတ်ထဲတွင် သန္ဓေသားကို ကြီးထွားခိုင်းမှာ ဖြစ်ပြီး လိုအပ်သော အာဟာရ ဓါတ်ပစ္စည်း များကိုမူ ပိုက်တစ်ခုနှင့် ပို့ပေးမည် ဖြစ်သည်။ 

ကိုင်ဝါ ကုမ္ပဏီ အဆိုအရ ကုန်ကျစားရိတ်သည် အမေရိကန် ဒေါ်လာ ၁၃,၀၀၀ သာ ရှိလိမ့်မည်။ 

ယခင်က အငှား ကိုယ်ဝန်ဆောင်ခြင်း၊ ဖန်ပြွန်သန္ဓေ မျိုးပွားခြင်းများ ရှိခဲ့သော်လည်း ကိုယ်ဝန်ဆောင် မွေးဖွား သည့် လူမိခင် လိုအပ်ခဲ့သည်။ 

ယခု စက်ရုပ်မေမေမှာ မိခင်မပါဘဲ ပထမဆုံး ကိုယ်ဝန်ဆောင် ကလေးမွေးပေးတော့မည် ဖြစ်သည်။ 

လူနှင့် မစမ်းသပ်မီ သိုးများနှင့် စမ်းသပ်ခဲ့ပြီး အောင်မြင်ခဲ့သည်ဟု တရုတ် ကုမ္ပဏီက ဆိုသည်။ 

တစ်နှစ် အချိန်အတွင်း၌ ပထမဆုံး ကလေးမွေးပေးမည့် စက်ရုပ် နမူနာ ပုံစံ ထွက်ရှိလာမည်ဟု ဆိုသည်။ 

ကုမ္ပဏီက ကျင့်ဝတ်များ၊ ဥပဒေဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ကွမ်းတုံ အာဏာပိုင်များနှင့် ဆွေးနွေးထားပြီး ဖြစ်သည်ဟု ဆိုသည်။ 

စက်ရုပ်မှ ကလေးမွေးဖွားမှာ ဖြစ်သည့်အတွက် မျိုးဆက်ပွား ဆေးပညာနှင့် သိပ္ပံ နည်းပညာအရ ကြီးမားသော ထိုးဖောက်မှုကြီး ဖြစ်လာမည် ဖြစ်သော်လည်း မိခင်မေတ္တာနှင့် မိခင်၏ အခန်းကဏ္ဍ ပျောက်ဆုံးသွားမည့် ကိစ္စမှာမူ အငြင်းပွားစရာ အများအပြား ရှိနေအုံးမည်ဟု ယူဆနိုင်သေးသည်။