စစ်ကော်မရှင် တပ်စခန်းများ အနီးမနေကြရန် KNU သတိပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်။
စစ်ကောင်စီ တပ်စခန်းများအနီး နေထိုင်ကြသည့် ပြည်သူများ အနေဖြင့် စစ်ရေးအသိ စစ်ရေးသတိဖြင့် နေထိုင် သွားလာကြရန်နှင့် စစ်ကောင်စီတပ်ဖွဲ့ စခန်းချရာ နေရာများကို တတ်နိုင်သမျှ ရှောင်ကြရန် ကရင် အမျိုးသား အစည်းအရုံး – KNU တပ်မဟာ (၄) အထူးတပ်ဖွဲ့မှ သတိပေးထုတ်ပြန်ထားသည်။
စစ်ရေးအရှိန် မြှင့်တင်ရန်ရှိနေသည့်အတွက် စစ်ကောင်စီတပ် စခန်းချ တပ်စွဲထားသည့် နေရာအနီးတွင် မနေကြ ရန် အသိပေးရခြင်း ဖြစ်ကြောင်း ဇူလိုင်လ ၁၇ ရက်နေ့က ထုတ်ပြန်ထားခြင်း ဖြစ်သည်။
KNU တပ်မဟာ (၄) မှ တာဝန်ရှိသူတစ်ဦးက “အသိပေးစာကတော့ ထုတ်ပြန်ထားပြီးပါပြီ။ တိုက်ပွဲဖြစ်လို့ မရွှေ့မပြောင်းတဲ့ သူတွေ ထိခိုက်မှုများ ရှိခဲ့ရင်တော့ တာဝန်ယူ ဆောင်ရွက်ပေးမှာ မဟုတ်ဘူး ဆိုတာလည်း သိအောင်တော့ ထည့်ရေးပေးထားတယ်” ဟု ပြောသည်။
ထို့အပြင် စစ်ကောင်စီကို ပံ့ပိုးကူညီခြင်း၊ သတင်းပေးခြင်း၊ ရိက္ခာထောက်ပံ့ပေးခြင်းစသည့် ကူညီမှုများ ကိုလည်း မလုပ်ကြရန် အထူးတားမြစ်ထားသည် ဟုလည်း KNU တပ်မဟာ (၄) မှ တာဝန်ရှိသူက ပြောသည်။
KNU တပ်မဟာ (၄) တပ်ဖွဲ့နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ၏ စစ်ဆင်ရေး လုပ်ဆောင်ချိန်များ အတွင်း စစ်ကောင်စီတပ်ဖွဲ့ များနှင့် အနီးအနား တဝိုက်တွင် ရောက်ရှိနေပါကလည်း ထိတ်လန့်တုန်လှုပ်ခြင်း မရှိဘဲ ကျည်ကွယ် မျက်ကွယ်နေရာများတွင် အကာအကွယ်ယူ၍ တတ်နိုင်သမျှ လုံလုံခြုံခြုံ နေထိုင်ကြရန် ထုတ်ပြန် ချက်ထဲတွင် အကြံပြု တိုက်တွန်းထားသည်။
ထို့အပြင် နေအိမ်များတွင်လည်း ဗုံးခိုကျင်းများ စနစ်တကျ တူးထားရန်နှင့် အရေးကြီး စာရွက်စာတမ်းများ၊ တန်
ဖိုးရှိ ပစ္စည်းများကို သေသေချာချာ ထုပ်ပိုးထားကြရန်ကိုလည်း မေတ္တာရပ်ခံ ထားသည်။
အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ – NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းကလည်း စစ်ရေးအရှိန်မြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။