တရုတ်သုတေသန ပညာရှင်ကို သူလျှိုမှုဖြင့် အမေရိကန် ဖမ်းဆီး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။
တရုတ် သုတေသန ပညာရှင် တစ်ဦးကို အမေရိကန် က သူလျှိုလုပ်သည်ဟု စွပ်စွဲပြီး ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံခဲ့ရသည့် တရုတ်နိုင်ငံသား ပါရဂူဘွဲ့လွန် ပညာရှင် Yunhai Li (ယွန်ဟိုင်း လီ) သည် သုတေသန ပညာရှင် ဗီဇာ ဟုခေါ်သည့် ပညာရေး ဗီဇာ အမျိုးအစားဖြင့် အမေရိကန်သို့ လာရောက်ခဲ့ခြင်း ဖြစ်သည်။
၎င်းကို အမေရိကန် အစိုးရက ထောက်ပံ့ထားသည့် ကျန်းမာရေး အစီရင်ခံစာအား ခိုးယူပြီး တရုတ်ပြည်သို့ ယူဆောင်သွားရန် ကြိုးပမ်းသည်ဟု ဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အသက် ၃၅ နှစ်အရွယ် မစ္စတာ လီ သည် ၂၀၂၂ ခုနှစ်မှ စတင်၍ MD Anderson Cancer Centre တွင် အလုပ်ဝင်ခဲ့ပြီး အမေရိကန် အမျိုးသား ကျန်းမာရေး သိပ္ပံ နှင့် ကာကွယ်ရေး ဝန်ကြီးဌာနက ငွေကြေး ထောက်ပံ့ထားသည့် သုတေသန စီမံကိန်းတွင် လုပ်ကိုင်ခဲ့သည်။
မစ္စတာလီ က ရင်သားကင်ဆာ ကာကွယ်ဆေး သုတေသန လုပ်ငန်းတွင် Texas ပြည်နယ်အစိုးရ၏ ဝန်ထမ်း တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။
မစ္စတာလီသည် ဖက်ဒရယ် အစိုးရက ငွေကြေးထောက်ပံ့ထားသည့် စီမံကိန်းမှ လျို့ဝှက်ဖိုင် ၉၀ Gigabytes ကို ဒေါင်းလုဒ် လုပ်ယူပြီးနောက်ပိုင်း ဇူလိုင်လ ၁ ရက်နေ့တွင် တာဝန်မှ နှုတ်ထွက်သွားခဲ့သည်။
၎င်းကို အမေရိကန်နိုင်ငံမှ ထွက်ခွာခါနီးတွင် လေဆိပ် အကောက်ခွန်ဌာန၌ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။
Herris ကောင်တီ ခရိုင် တရားရုံး ရှေ့နေရုံးက စုံစမ်းစစ်ဆေးရေးမှူးများက မစ္စတာလီကို စစ်ဆေးသည့် အခါ ထိရှလွယ်သည့် အချက်အလက်များအား နိုင်ငံ ပြင်ပ ထုတ်ယူသွားရန် ကြိုးပမ်းမှုကို အထောက်အထားများ ရထားသည်ဟု ဆိုသည်။
မစ္စတာလီက အဆိုပါ သုတေသန အချက်အလက်များ အလဟာသ မဖြစ်စေရန် နှင့် တရုတ်ပြည်တွင် ဆက်လက် သုတေသန လုပ်ရန် ယူဆောင်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေးသူများကို ပြောသည်။
တရားရုံး မှတ်တမ်းများက မစ္စတာလီသည် တရုတ် အစိုးရ ထိန်းချုပ်ထားသော သိပ္ပံဖောင်ဒေးရှင်းမှ ထောက်ပံ့ငွေများ ရယူနေပြီး အစိုးရနှင့် သက်ဆိုင်သည့် ဆေးရုံမှလည်း လစာငွေကို ရယူနေသည်ဟု ဆိုထားသည်။
ပြစ်မှု ထင်ရှားခဲ့မည် ဆိုပါက တရုတ် သုတေသနမှူးသည် ထောင်ဒဏ် ၁၀ နှစ် အထိ ကျခံရနိုင်သည်။
မစ္စတာလီကို အစောပိုင်းတွင် ပြန်လွှတ်ထားပေးပြီး ဩဂုတ်လ ၂၂ ရက်နေ့တွင် ဒုတိယအကြိမ်ထပ်မံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။