အမြင့်ဆုံးမှာ ကျန်ရစ်ခဲ့တဲ့ နာတာလီယာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။
Natalia Nagovitsyna (နာတာလီယာ နဂိုဗစ်နာ) နဲ့ ခင်ပွန်းသည် Sergei (ဆာဂျီး) တို့ဟာ တောင်တက် ဝါသနာပါတဲ့ ရုရှားလူမျိုး ဇနီးမောင်နှံ ဖြစ်ပါတယ်။
Sergei ဟာ ၂၀၂၁ ခုနှစ်မှာ ၂၃,၀၂၈ ပေမြင့်တဲ့ အာရှ အလယ်ပိုင်း ကာဇက်စတန် နိုင်ငံရဲ့ အမြင့်ဆုံး တောင်ထိပ် ဖြစ်တဲ့ Khan Tengri (ခန်တန်ဂရီ)ကို တက်ရင်း လေဖြတ်သွားခဲ့ပြီး သေဆုံး သွားခဲ့ပါတယ်။
အဲဒီ အချိန်ကတော့ လေဖြတ်ထားတဲ့ ခင်ပွန်းသည်ကို စွန့်ခွာမသွားဖို့ တင်းခံနေခဲ့တဲ့ Natalia ဟာ သတင်းဌာန တွေရဲ့ ထိပ်တန်း သတင်း ဖြစ်ခဲ့တယ်လို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြပါတယ်။
အခု နှစ်မှာတော့ အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ Natalia ဟာ နောက်ထပ် အလယ်ပိုင်း အာရှနိုင်ငံဖြစ်တဲ့ ကာဂျစ္စတန် နိုင်ငံက အမြင့်ဆုံး တောင်ထိပ်ကို တက်နေခဲ့ပါတယ်။
အမြင့်ပေ ၂၄,၄၀၆ ပေမြင့်တဲ့ Victory Peak တောင်ထိပ်ကို တက်နေရင်း ပေ ၂၃,၀၀၀ လောက်အရောက်မှာ ခြေထောက်ကျိုးသွားပြီး အဲဒီနေရာမှာ သောင်တင်နေခဲ့ပါတယ်။
သူဟာ လိမ္မော်ရောင် စခန်းချ တဲလေးထဲမှာ တစ်ယောက်ထဲ ရှိနေခဲ့တာပါ။
သူ့ကို ကယ်ဖို့ ကြိုးစားခဲ့တဲ့ အီတလီလူမျိုး Luca Sinigaglia (လူကာ ဆီနီဂါဂလီယာ) ဟာလည်း မအောင်မြင်ပဲ ဩဂုတ်လ ၁၅ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။
ကယ်ဆယ်ရေး ဟယ်လီကော်ပတာ တစ်စီးလည်း ပျက်ကျသွားခဲ့ပါတယ်။
နောက်ထပ် ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေကိုလည်း တောင်တက်သမားတွေ နာမကျန်းဖြစ်ပြီး ပြင်းထန်တဲ့ ရာသီဥတုကြောင့် ရုတ်သိမ်းခဲ့ရပါတယ်။
အခြေအနေကို စုံစမ်းတဲ့ ဒရုန်းတစ်စီးကတော့ ဩဂုတ်လ ၁၉ ရက်နေ့အထိ Natalia ဟာ အသက်ရှင် နေသေး တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဩဂုတ်လ ၂၁ ရက်နေ့မှာတော့ အပူလှိုင်းရှာဖွေတဲ့ ဒရုန်းတစ်စီးနဲ့ အဲဒီနေရာကိုပဲ ပျံသန်းကြည့်ရှုတဲ့ အခါမှာ Natalia ဟာ အသက်ရှင်တဲ့ အရိပ်အယောင် မတွေ့ရတော့ပါဘူး။
သူ့ရဲ့ တဲငယ်လေးဟာလည်း လေပြင်းဒဏ်ကြောင့် ဆုတ်ပြတ်သွားခဲ့ပါပြီ။
ဩဂုတ်လ ၂၇ ရက်နေ့မှာတော့ ကာဂျစ္စတန် အရာရှိတွေက Natalia အသက်ရှင်နိုင်တဲ့ အလားအလာ မရှိတော့ဘူးလို့ ကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ လန်ဒန်တိုင်းမ် သတင်းက ဖော်ပြပါတယ်။
တောင်တန်းတွေကိုချစ်တဲ့ Natalia တစ်ယောက်တော့ သူ့ခင်ပွန်းလိုပဲ တောင်တန်းပေါ်မှာ ထာဝရ လဲလျောင်းခဲ့ ပြီ ဖြစ်ပါတယ်။