မြိတ်မှ ဝယ်လာသည့် ဆန်အိတ်များ ရေတပ် သိမ်းဆည်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်။
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဘဒ္ဒနဲကျေးရွာအုပ်စုထဲက ရှော်တောမော်ကျေးရွာ အရှေ့တွင် ရပ်နားထားသည့် ရေတပ်စစ်သင်္ဘောမှ ပြည်သူများအတွက် ဝယ်လာသည့် ဆန်အိတ်များကို သိမ်းယူသွားသည်။
မြိတ်မြို့မှ ဝယ်ယူလာသည့် ဆန်အိတ်များကို စစ်ကော်မရှင် ရေတပ်သင်္ဘောပေါ်က တပ်ဖွဲ့ဝင်များက သိမ်းယူ သွားခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက “ဆန်အိတ်တွေ အသိမ်းခံရတော့ အုပ်ချုပ်ရေးမှူး ကိုယ်တိုင် သွားဖြေ ရှင်းတာ ရေတပ်ဗိုလ်မှူးက ပြန်မပေးဘူး။ ဘယ်လိုမှ အကြိမ်ကြိမ် ပြောဆိုလို့မရတော့ အုပ်ချုပ်ရေးမှူး လုပ်တဲ့ သူက ရွာသားတွေအတွက် ဒါလေးတောင် လုပ်ပေးခွင့် မရှိရင် ငါရွာလူကြီး မလုပ်နိုင်တော့ဘူး ဆိုပြီး မြိတ်ကို တက်သွားတာ။ ရွာမှာ မရှိတော့ပါဘူး” ဟု ပြောသည်။
အုပ်ချုပ်ရေးမှူး မြိတ်ကို တက်သွားပြီးသည့်နောက် ဆန်အိတ်များ ပြန်လည်ရရှိရေးအတွက် ရပ်မိရပ်ဖများက ဆက်လက်ညှိနှိုင်းနေ သည်ဟု ဒေသခံများက ပြောသည်။
လှေဖြင့်တင်ဆောင်လာသည့် ဆန်အိတ်တစ်ရာနီးပါးကို စစ်ကော်မရှင်တပ်၏ အမှတ် 116 ရေတပ်စစ်သင်္ဘောက သြဂုတ်လ ၂၄ ရက်နေ့တွင် သိမ်းယူခဲ့ခြင်း ဖြစ်သည်။
ဩဂုတ်လ ပထမအပတ်မှ စတင်၍ ကျွန်းစုမြို့နယ် အတွင်းရှိ ကျေးရွာများကို ဆန်နှင့် စက်သုံးဆီ တင်သွင်းခွင့်ကို စစ်ကော်မရှင်က ပိတ်ပင်ထားခဲ့သည်ဟု ရွာသားများက ဆိုသည်။
ထိုသို့ တင်သွင်းခွင့် ပိတ်ထားချိန်၌ ကျေးရွာများတွင် ဆန်ပြတ်လပ်လာမှု ရှိနေသည့်အတွက် ရှော်တောမော်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးမှ ဘဒ္ဒနဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများကို ခွဲဝေရောင်းချပေးရန် ဆန်အိတ်တစ်ရာနီးပါးကို မြိတ်မြို့မှ မှာယူခဲ့ခြင်း ဖြစ်သည်။
ဘဒ္ဒနဲကျေးရွာအုပ်စုတွင် ၂၀၁၄ ခုနှစ် သန်းကောင်စာရင်းအရ လူဦးရေ ၆,၅၀၀ ဝန်းကျင်ခန့်ရှိသည်။
ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ပြင်တွင် ကင်းလှည့် သွားလာနေသည့် စစ်ကော်မရှင်၏ စစ်သင်္ဘောများက စက်လှေကြီးများနှင့် အမြန်ရေယာဉ်များကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးနေသည်ဟု ခရီးသွားလာနေ သည့် ရွာသားများက ဆိုသည်။
စက်သုံးဆီနှင့် ဆန်အိတ်များကို တင်ဆောင်လာပါက စစ်သင်္ဘောမှ သိမ်းဆည်းကာ ဒဏ်ရိုက်မှုများ ဆက်တိုက် လုပ်နေကြသည်ဟု ရွာသားများက ပြောပြသည်။