လေကြောင်းတိုက်ခိုက်မှုများမှာ ပြည်သူကို ကြောက်ရွံ့စေရန် ဖြစ်ဟု BNI ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်။
စစ်ကော်မရှင်တပ်က တော်လှန်ရေးအင်းအားစုများ ထိန်းချုပ်ထားသည့် ဒေသများကို ပြန်လည် ထိန်းချုပ်ရ ယူရန်နှင့် ပြည်သူလူထုကို အကြောက်တရား ရိုက်သွင်းလိုသည့် ရည်ရွယ်ချက်နှင့် လေကြောင်း တိုက်ခိုက်မှု များကို ဆက်တိုက် လုပ်နေခြင်း ဖြစ်သည်ဟု နိုင်ငံတကာ မြန်မာသတင်း (BNI) ပြောသည်။
နိုင်ငံတကာ မြန်မာသတင်း BNI ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စောင့်ရေးအဖွဲ့ (BNI-MPM Team) က ဩဂုတ်လ ၂၆ ရက်နေ့တွင် လုပ်သည့် ‘မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ကို ပုံဖော်ခြင်း ရည်ညွှန်း အကိုးအကား ၂၀၂၄-၂၀၂၅’ စာအုပ်မိတ်ဆက် အခမ်းအနားတွင် ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။
BNI မန်းနေဂျင်းဒါရိုက်တာ မတင်တင်ညိုက “စစ်တပ်က ပြည်သူလူထုကို နေ့စဉ် မလုံခြုံအောင် မအေးချမ်း အောင် အကြောက်တရားတွေရှိအောင် သူတို့အနေနဲ့ ဖန်တီးတယ်။ ပြည်သူလူထုတွေ သေကြေပျက်စီးဆုံးရှံးမှု တွေ အရမ်းကြီးသလို ကိုယ့်ရဲ့ တော်လှန် ရေးအင်အားစုအပါအဝင် တပ်သားအပါအဝင် ပြည်သူလူထုတွေရဲ့ ရှင် သန်ရေး ဘဝအေးချမ်းရေးကို ရှေးရူးတဲ့အနေနဲ့ တော်လှန်ရေး အင်အားစုတွေက နယ်မြေတွေကို လက် လွတ်လိုက်ရတဲ့ဟာတွေ ရှိတယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်သည် တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး များကို လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများ ယခင်ကထက် ပို၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာသည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုများ အပြင် ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်မှုတို့ကြောင့် ဒေသခံ ပြည်သူများမှာ နေ့စဉ်ရက်ဆက် ထိခိုက်သေဆုံးနေရပြီး စိုးရိမ်ပူပန်စိတ်၊ ကြောက်ရွံ့စိတ်များနှင့် ရှင်သန်နေကြရသည်။
ကရင်နီပြည်ကြား ကာလအုပ်ချုပ်ရေး ကောင်စီ – IEC အတွင်းရေးမှူး ၂ ဦးဗညားက “အခုနောက်ပိုင်း လေယာဉ်နဲ့ ဗုံးကြဲခံရတဲ့ ဟာတွေက နေရာတကာမှာ ဖြစ်နေတယ်ပေါ့နော်။ အဲ့တော့ လူထုတွေရဲ့ စိုးရိမ် ပူပန်မှုတွေကတော့ အရမ်းမြင့်တက်နေတယ်ပေါ့နော်။ တချို့လည်း စိတ်ဒဏ်ရာ ပုံစံမျိုးတောင်မှ ဖြစ်နေ တယ်ပေါ့နော် လေယာဉ် သံကြားရင် နေမထိထိုင်မထိ ဖြစ်နေတာ ရှိတာပေါ့နော်“ ဟု ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဧပြီလမှ စတင်၍ စစ်ကော်မရှင်တပ်က လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်မှုများကို စတင် ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင်လည်း တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် ဒေသများထဲကို လေကြောင်းနှင့် ဗုံးကြဲ တိုက်ခိုက်မှုများ နေ့စဉ် လုပ်နေပြီး ယခင်ကထက် ပိုများလာသည်ဟု BNI က ပြောသည်။
BNI-MPM ငြိမ်းချမ်းရေး စောင့်ကြည့်ရေးအဖွဲ့ တာဝန်ခံ ကိုနှင်းကိုဦး “တဖြည်းဖြည်းနဲ့ အရှိန်မြင့်လာတာက အခုကာလဆိုရင် တောက်လျှောက်ကို အရှိန်မြင့်လာတဲ့ ကာလ ဖြစ်လာတယ်။ ဒီအတွက် ကျနော်တို့တွေ အသံ တွေ ဘယ်လောက်ပဲထုတ်ခဲ့ထုတ်ခဲ့ ဟန့်တားနိုင်ဖို့ အခွင့်အရေး မရှိခဲ့ဘူးပေါ့နော်။ ဒါကတော့ စစ်လေကြောင်း ရန်ကို ကာကွယ်အုပ်စုရဲ့လေကြောင်းရန်ကို ကာကွယ် နိုင်တဲ့ အင်အားစုမှာ အခင်းအကျင်း တော်လှန်ရေး ရှိမနေ သလို ကိုယ့်ကိုယ်ကို လုံခြုံဖို့ သတင်းအချက် အလက်တွေ ရရှိဖို့ဆိုတဲ့ အချက်ကနေပြီးတော့ပဲ လေကြောင်းရန် ကို ရှောင်ရှားနေရတဲ့ အနေအထားဖြစ်ပါတယ်” ဟု ပြောသည်။
စစ်တပ်က နောင်ချိုမြို့ကို ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် မိုးကုတ်၊ ကျောက်မဲ၊ သီပေါမြို့နယ်များထဲ မြေပြင်စစ်ကြောင်းများနှင့် အတူ လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများနှင့် တော်လှန်ရေး တပ်တို့က ပြောသည်။
၂၀၂၅ ခုနှစ် ဇန္နဝါရီလမှ လက်ရှိအချိန်ထိ ရခိုင်ပြည်ထဲရှိ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ ရမ်းဗြဲမြို့ နယ်တို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူ ၈၆ ဦး သေဆုံးခဲ့ သည်ဟု အာရက္ခတပ်တော် ULA/AA က ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှ ဩဂုတ်လ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံအနှံ့ စစ်ကော်မရှင်တပ်က လေကြောင်း တိုက်ခိုက်မှုပေါင်း ၇၇ ကြိမ် ပြုလုပ်ခဲ့သည်ဟု BNI-MPM အဖွဲ့က ဆိုသည်။
တိုင်းနှင့် ပြည်နယ် အလိုက်ကို ယှဉ်ကြည့်ပါက ၂၈ ရက်အတွင်း မန္တလေးနှင့် ရှမ်းမြောက်ဒေသများထဲ လေကြောင်း တိုက်ခိုက်ခံရမှုဖြစ်စဉ် ၁၂ ခုစီ ရှိခဲ့ပြီး လေကြောင်း တိုက်ခိုက်ခံရမှု အများဆုံးဖြစ်သည်ဟု ဆိုသည်။