ဘန်ကောက်မြို့လယ်တွင် မီတာ ၅၀ နက်သည့် ကျင်းကြီး ဖြစ်ပေါ်

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်။ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်တွင် မီတာ ၅၀ ခန့် နက်သည့် မြေကျွံပေါက်ကြီး ဖြစ်သွားသည့် အတွက် Vajira ဆေးရုံ အနီးတဝိုက် လမ်းများကို ပိတ်ပြီး နေရာရွှေ့ပြောင်းမှု တချို့ လုပ်ခဲ့ရသည်။ 

မြေပြိုကျမှုတွင် ကားအချို့လည်း တွင်းထဲသို့ ပြုတ်ကျခဲ့သည်။ 

စက်တင်ဘာ ၂၄ ရက်မနက်အစောပိုင်းတွင် Vajira ဆေးရုံ အရှေ့ Samsen လမ်းပေါ်တွင် Sinkhole ဟု ခေါ်သော မြေကျွံပေါက်ကြီး ဖြစ်ပွားရာ ဓါတ်တိုင်များနှင့် ကားအချို့ကို မြေကျင်းအတွင်းသို့ ဆွဲချသွားခဲ့သည်။ 

ဒေသခံ အာဏာပိုင်များက Samsen လမ်းတွင်ရှိ Vijara ဆေးရုံ ပတ်ဝန်းကျင် လမ်း အချို့ကို ပိတ်ထားလိုက်ရသည်။ 

ဖြစ်ပေါ်လာသည့် တွင်းကြီးမှာ အလျား အနံ မီတာ ၃၀ လောက်စီ ရှိပြီး မီတာ ၅၀ ခန့်နက်သည်။ 

လူ ထိခိုက် ဒဏ်ရာရခဲ့ခြင်းတော့ မရှိခဲ့ပေ။ 

ဆေးရုံ၏ ပြင်ပ လူနာဌာနကို ယာယီ ပိတ်ထားလိုက်ပြီး အတွင်းလူနာ ၃,၅၀၀ ခန့်ကို အနီးအနား အဆောက်အဦများ ဆီသို့ ပြောင်းရွှေ့ခဲ့ရသည်။ 

အနီးအနားရှိအဆောက်အဦများတွင် နေထိုင်သူများကိုလည်း အာဏာပိုင်များက ပြောင်းရွှေ့ခိုင်းခဲ့သည်။ 

မြေကျွံပေါက်ကြီး ဖြစ်လာရသည့် အကြောင်းရင်းကို စုံစမ်းနေဆဲဟု ဆိုသည်။