ရှမ်းမြောက်၊ နမ္မတူမြို့ လေကြောင်းတိုက်ခိုက်ခံရ၊ စစ်ရှောင်များနှင့် အရပ်သား ၄ ဦး သေဆုံး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂ ရက်။
ရှမ်းပြည် မြောက်ပိုင်း၊ ကျောက်မဲခရိုင်မှ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေသည့် နမ္မတူမြို့သည် စစ်ကော်မရှင်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။
အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် စစ်ကော်မရှင်တပ်က နမ္မတူမြို့နှင့် မန်တုံမြို့တို့ကို လေယာဉ် ဖြင့် ပေါင် ၅၀၀ ဗုံးများဖြင့် လူနေရပ်ကွက်ထဲ ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
နမ္မတူမြို့ လေကြောင်းတိုက်ခိုက်မှုတွင် ပွဲချင်းပြီး ၂ ဦး သေဆုံးခဲ့ပြီး၊ ဆေးရုံအရောက်တွင် ၁ ဦး၊ နံနက် ၁၀ နာရီခန့်တွင် ဆေးကုသမှုခံယူနေသူ အမျိုးသား ၁ ဦး ထပ်မံသေဆုံးခဲ့ရာ စုစုပေါင်း သေဆုံးသူ ၄ ဦး ရှိခဲ့သည်။
ကလေးများ အပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေးတစ်ဦး ပျောက်ဆုံးနေကြောင်းလည်း သိရသည်။
သေဆုံးသူများထဲတွင် ကျောက်မဲနှင့် နောင်ပိန်ဒေသများမှ စစ်ဘေးရှောင်လာသူများလည်း ပါဝင်ကြောင်း သိရသည်။
ကိုယ့်ရပ်ကိုယ့်ရွာ မဟုတ်သည့် နေရာ၌ စစ်ဘေးရှောင်ရင်း ယခုကဲ့သို့ အဖြစ်ဆိုးနှင့် ထပ်မံကြုံတွေ့ရခြင်း အတွက် ဒေသခံများနှင့် စစ်ရှောင်များအကြား ဝမ်းနည်းပူဆွေးမှုများ ဖြစ်ပေါ်ခဲ့ပြီး ထိုနံနက်ခင်းသည် ငိုသံများ ဖြင့် ပြည့်နှက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
နမ္မတူကို ဗုံးကြဲပြီး နာရီဝက်ခန့်အကြာတွင် မန်တုံမြို့ကိုလည်း ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။