ကချင်ပြည်၊ ဗန်းမော်တိုက်ပွဲ ပြင်းထန်၊ စစ်ရေးအရေးပါသော စခန်းတချို့ကို KIA ပြန်လည်သိမ်းယူ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂ ရက်။

ကချင်ပြည်၊ ဗန်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ရေးအရ အရေးပါသော စခန်းအချို့ကို KIA က ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ သည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် ဗန်းမော်မြို့နယ်ရှိ သုံးမိုင်ရွှေပြည်သာ KBC ဘုရားကျောင်းကုန်းကို KIA နှင့် ပူးပေါင်းအဖွဲ့က ပြန်လည်ထိန်းချုပ်ခဲ့ပြီး ယနေ့တိုင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ဗန်းမော်ဒေသတွင် တပ်စခန်းများကို နှစ်ဖက်အပြန်အလှန် သိမ်းယူနေသည့် ပုံစံမျိုးဖြစ်နေပြီး၊ စစ်ရေးအရ အရေးပါသော အခြားစခန်းများကိုလည်း KIA က ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော်လည်း အခြေအနေအရ နေရာအတိအကျ ဖော်ပြရန် အဆင်မပြေသေးကြောင်း မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။ နှစ်ဖက်တိုက်ပွဲများအတွင်း အကျအဆုံးများလည်း များပြားနေသည်ဟု ဆိုသည်။

KIA သည် ဗန်းမော်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် နေရာယူထားပြီး နောက်မဆုတ်ဘဲ တောင့်ခံနေသလို၊ စစ်ကောင်စီတပ်ကလည်း ဩဂုတ်လကတည်းက လေကြောင်း၊ ရေကြောင်းမှ စစ်အင်အား၊ လက်နက်နှင့် ရိက္ခာများ ဖြည့်တင်းကာ ဗန်းမော်မြို့ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ရန် ထိုးစစ်ကြီးများ ဆင်နွှဲနေခြင်းကြောင့် ဩဂုတ်လမှ စ၍ တိုက်ပွဲများ ဆက်တိုက် ပြင်းထန်နေခြင်းဖြစ်သည်။