ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များ စခန်းအပြင်တွင် တစ်နှစ် တရားဝင်အလုပ်လုပ်ခွင့် စတင်ရရှိ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂ ရက်။
ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခုမှ မြန်မာစစ်ရှောင်ဒုက္ခသည်များသည် အောက်တို ဘာလ ၁ ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံတွင် စခန်းအပြင်၌ တစ်နှစ်တာ တရားဝင် အလုပ်လုပ်ခွင့် စတင်ရရှိပြီ ဖြစ်သည်။
ထိုင်းနိုင်ငံ၏ တာ့ခ်၊ မယ်ဟောင်ဆောင်၊ ကန်ချနဘူရီနှင့် ရတ်ချာဘူရီခရိုင်များရှိ ဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည်များကို စခန်းအပြင်ဘက်တွင် အလုပ်လုပ်ကိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
ထိုင်းအလုပ်ရှင်များသည် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းနှင့် လျှပ်စစ်ပစ္စည်း ရောင်းချသည့် လုပ်ငန်းများတွင် အလုပ်ခေါ်ယူရန် စိတ်ဝင်စားမှုရှိနေကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန အကြီးအကဲက ပြောကြားသည်။
စခန်းအပြင်ထွက်၍ အလုပ်လုပ်မည့် ဒုက္ခသည်များသည် ဆေးစစ်မှုခံယူရမည်ဖြစ်ပြီး ၎င်းတို့သည် ဒုက္ခသည် စခန်းများမှ မထွက်ခွာမီ တစ်နှစ်တာ ကာလအတွက် အလုပ်လုပ်ခွင့်ပြုသည့် ခွင့်ပြုချက်ကို ရရှိမည်ဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် မစ္စတာ အနုတင်က ထိုင်းနိုင်ငံသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူဝါဒများကို လိုက်နာပြီး ဒုက္ခသည်များအတွက် ဥပဒေနှင့်အညီ အခွင့်အလမ်းသစ်များ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောသည်။
အဆိုပါ အလုပ်လုပ်ခွင့်ပေးသည့် အစီအစဉ်သည် ၄၁ နှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်ဟု ထိုင်းရွှေ့ပြောင်း နေထိုင်မှု ပြုပြင်ပြောင်းလဲရေးအဖွဲ့ အကြံပေးက ပြောဆိုထားသည်။