ရွေးကောက်ပွဲ ကြေညာပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်မှုများ တိုးများလာဟု ND-Burma ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။
စစ်ကောင်စီက လာမည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလထဲတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာပြီးနောက် နိုင်ငံတဝန်း၌ လူ့အခွင့်အရေး ချိုးဖောက်မှုများ သိသိသာသာ မြင့်တက်လာသည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး မှတ်တမ်း ကွန်ရက် (ND-Burma) ပြောသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေး မှတ်တမ်း ကွန်ရက် (ND-Burma) က “Bombs to Ballots: Myanmar Junta’s Bloody Race for Recognition” ဆိုသည့် အစီရင်ခံစာသစ်တွင် ပြောဆိုထားခြင်း ဖြစ်သည်။
ND-Burma ပြောရေးဆိုခွင့်ရှိသူ ဆန်ထွယ် က “ရွေးကောက်ပွဲ လုပ်ဖို့ ဆိုပြီးမှ သတ်မှတ်ထားတဲ့ ဒေသတွေကို သူတို့အနေနဲ့ အခုက နယ်မြေရှင်းလင်းရေးကို ပိုပြီးမှ ကြိုးစား လုပ်ကိုင်လာတဲ့ အခြေအနေရှိတယ်။ ဒီကြေ ညာပြီးတဲ့ နောက်ပိုင်းဆို ပိုဆိုးလာတယ် ပေါ့နော်” ဟု ပြောသည်။
စစ်ကော်မရှင်က ရွေးကောက်ပွဲကို အကြောင်းပြပြီး ပြည်သူလူထုအပေါ် ဖိနှိပ်မှု၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ဥပဒေကို လက်နက်ကဲ့သို့ အသုံးချမှုများ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်လာသည်ဟု ဆိုသည်။
ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသည့် ဒေသများကို ထိန်းချုပ်နိုင်ရေး နယ်မြေရှင်းလင်းရေး ခေါင်းစဉ် ဖြင့် နိုင်ငံအနှံ့ကို လေကြောင်းမှ တိုက်ခိုက်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှု၊ ထိုးစစ်ဆင်မှုများ တိုး၍ လုပ်သည်ဟု ဆန်ထွယ်က ဆက်ပြောသည်။
“စစ်ကိုင်းဒေသမှာ ဆိုရင်လည်းပဲ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်တယ်။ ဒါကတော့ ဥပမာ တစ်ခုပါ။ ဆိုတော့ ဒါမျိုးက တောက်လျှောက် သူတို့ လုပ်ဖို့အတွက် ရှမ်းပြည်မြောက်ပိုင်းဆို ပိုဆိုးတယ်ပေါ့နော်။ ဒါက ထိန်းချုပ် ဖို့အတွက် လုပ်လာတဲ့နေရာမှာ သူက စစ်အင်အား အလုံးအရင်း သုံးတဲ့နေရာမှာ စစ်လက်နက်ပဲ မဟုတ်ဘဲနဲ့ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ဟာကို တောက်လျှောက် လုပ်နေတာကိုလည်း ကျမတို့ ပြည်သူတွေအနေနဲ့ ခံစားရတဲ့ အခြေအနေတစ်ခု ရှိတယ်ပေါ့နော်။
ထို့အပြင် ကရင်နီဒေသထဲ၌လည်း ဩဂုတ်လအတွင်း စစ်တပ်၏ သုံးရက်တာ ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ် သား နှစ်ဒါဇင်ကျော် သေဆုံးခဲ့ရပြီး ရခိုင်ပြည်က စာသင်ကျောင်း နှစ်ကျောင်းကိုလည်း လေကြောင်းမှဗုံးကြဲခဲ့ရာ ကလေးအနည်းဆုံး ၂၂ ဦး သေဆုံးခဲ့သည်ဟု အောက်တိုဘာလ ၁ ရက်နေ့ထုတ် ND-Burma ၏ အစီရင်ခံစာထဲ ဖော်ပြထားသည်။
အလားတူ အသစ်ပြဋ္ဌာန်းလိုက်သည့် သေဒဏ်ထိချမှတ်နိုင်သော ‘ဆိုက်ဘာလုံခြုံရေး ဥပဒေ’ နှင့် ‘ရွေးကောက်ပွဲ အကာ အကွယ်ပေးရေး ဥပဒေ’ ကလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်ဖို့ဖြစ်သည်ဟု ထောက်ပြမှုများ ရှိနေသည်။
မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) အဖွဲ့ ဒါရိုက်တာ နိုင်အဲမွန်က “အထူးသဖြင့် ရာဇဝတ် ဥပဒေ တွေဖြစ်တဲ့ Cyber Security Law တို့နော်၊ Election နဲ့ ပတ်သက်တဲ့ Protection Law တွေနော်။ ဒါတွေကို နော် တကယ့် ရာဇဝတ်မှုပုံစံ ပုံဖော်ပြပြီးတော့ လူထုတွေ နေရပ်ရင်းမှာ ရှိနေတဲ့ ပြည်သူလူထုတွေကို ပိတ်ဆို့ပြီး တော့နော် ကန့်သတ်တာတွေ၊ အရေးယူဆောင်ရွက်တာတွေ သူတို့ရဲ့ လွတ်လပ်စွာပြောဆိုခွင့်နော်၊ ထုတ်ဖော် ပြောဆိုခွင့်တွေ အပါအဝင်နော်။ ဒီ အင်အားတွေ သုံးပြီးတော့ ပိတ်ဆို့စိစစ်တာတွေနော် harassment လုပ်တာ တွေနော်။ နောက်တစ်ခါ ဒီ မတရားငွေညှစ်တဲ့ ကိစ္စတွေ အပါအဝင်ပေါ့နော်။ နေ့စဉ် နေ့တဓူဝ လူသားတွေရဲ့ ရှင်သန်ရပ်တည်ခွင့်ကို ပိုပြီးတော့ခက်ခဲလာအောင်၊ ပိုပြီး တော့ ဘေးအန္တရာယ်ဖြစ်အောင် ဒီဥပဒေက လုပ်နေ တယ်ဆိုတဲ့ဟာတွေကို ကျနော်တို့ ဖော်ပြတယ်” ဟု ပြောသည်။
အလားတူ စစ်ကော်မရှင်တပ်က ဥပဒေကို လက်နက်သဖွယ် အသုံးချပြီး ရွေးကောက်ပွဲဆန့်ကျင်သူများကိုလည်း ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်လုပ်နေသည်ဟု နိုင်အဲမွန်က ဆက်ပြောသည်။
“အဆိုးဆုံး ကတော့နော် သေဒဏ်အထိ ချမှတ်နိုင်တဲ့နော် ဥပဒေတွေကို ပြဋ္ဌာန်းပြီးတော့နော် သံသယရှိတဲ့ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီးတော့ ဖိနှိပ်နေတဲ့ကိစ္စတွေက ဒီအကြိုကာလတွေမှာ ဖြစ်နေတာတွေကို ကျနော်တို့ ဒေသအသီးသီးက တက်လာတဲ့ record တွေ၊ လူ့အခွင့်အရေး မှတ်တမ်းတွေကို ကိုးကားပြီးတော့ ကျနော်တို့ ဖော်ပြထားတာရှိတယ်။”
ယခုနှစ် ဇန်နဝါရီလက စတင်ပြီး နိုင်ငံတစ်ဝှမ်း၌ စစ်တပ်က အသစ်ပြဌာန်းလိုက်သည့် ဥပဒေများဖြင့် အရေးယူ ခံရသည့် အမှုပေါင်း ၉၀ ကျော်ရှိနေပြီး မြေပြင်၌ ယခုထက် ပိုများနိုင်သည်ဟု နိုင်အဲမွန် က ပြောသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က ကိုနေသွေးဆိုသူမှာ Facebook တွင် ရွေးကောက်ပွဲကို ဝေဖန်ရေးသားခဲ့သည့် အတွက် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသည်။
လူ့အခွင့်အရေး အဖွဲ့များက စစ်ကော်မရှင်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ် မပြုဖို့နှင့် စစ် ကော်မရှင်ကို ထောက်ခံနေသည့် တရုတ်၊ ရုရှားကဲ့သို့သော နိုင်ငံများ၏ လုပ်ရပ်မှာ စစ်ရာဇဝတ်မှုများ ဆက် ကျူးလွန်ရန် အားပေးရာ ရောက်နေသည့်အတွက် ပြင်းထန်စွာ ရှုတ်ချသည်ဟု ဆိုကြသည်။