လက်နက်ကိုင် ရွှေခိုးတူးသည့် မြန်မာနိုင်ငံသား ၄ ဦး ထိုင်းအာဏာပိုင်များ ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်။

ထိုင်း-မြန်မာ နယ်စပ်အနီးရှိ ထိန်းသိမ်းထားသော သဘာဝသစ်တောကြီးအတွင်း တရားမဝင် ရွှေခိုးတူးနေသည့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ မြန်မာနိုင်ငံသား ၃ ဦးနှင့် ဒေသခံ ကရင်တိုင်းရင်းသား ၁ ဦး စုစုပေါင်း ၄ ဦးကို ထိုင်းအာဏာပိုင်များက နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးခဲ့သည်။ 

ထောင်ဖာဖုမ် အမျိုးသားဥယျာဉ် ရေဝေရေလဲ ဒေသကို ဖျက်ဆီးနေသည့် ၎င်းတို့အဖွဲ့ထံမှ ရွှေတူးကိရိယာများ အပြင် လက်လုပ်ရိုင်ဖယ်တစ်လက်ကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု ထိုင်းသတင်းဌာနများက ဆိုသည်။

အဆိုပါ ဖြစ်စဉ်သည် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီပြည်နယ်၊ ထောင်ဖာဖုမ် အမျိုးသားဥယျာဉ် အတွင်းရှိ ပီလော့ခ်ခီ သစ်တောဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

အမျိုးသားဥယျာဉ်အကြီးအကဲ Yutthapong Damsrisuk ၏ ပြောကြားချက်အရ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဝန်ကြီး၏ ညွှန်ကြားချက်ဖြင့် နယ်ခြားစောင့်ရဲ၊ စစ်တပ်နှင့် ပူးပေါင်းကာ လုံခြုံရေးတိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

အာဏာပိုင်များက တပ်ဆင်ထားသည့် CCTV ကင်မရာများမှ နိုဝင်ဘာလ ၁၅ ရက်နေ့၊ ည ၁၀ နာရီအချိန်ခန့် တွင် လက်နက်တို၊ လက်နက်ရှည်များ ကိုင်ဆောင်ထားသည့် သံသယရှိသူ ၁၅ ဦးခန့် တောထဲသို့ ဝင်ရောက်ကာ ရွှေတူးနေသည်ကို ခြေရာခံမိခဲ့သည်။ 

ည ၁၁ နာရီခွဲ အချိန်ခန့်တွင် အဖွဲ့ဝင်ရောက်စီးနင်းရာ ရွှေခိုးတူးသူအများစုမှာ နယ်မြေကျွမ်းကျင်မှုဖြင့် မှောင်ရိပ်ခိုကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ထွက်ပြေးသူများထဲမှ မြန်မာနိုင်ငံသား ၃ ဦး နှင့် ဒေသခံ ကရင်တိုင်းရင်းသား ၁ ဦး စုစုပေါင်း ၄ ဦးကို ဖမ်းဆီးရမိခဲ့သည်။ 

ဖမ်းဆီးရမိသူများထံမှ စုစုပေါင်း ပစ္စည်း ၄၀ မျိုးကို သိမ်းဆည်းရမိခဲ့ပြီး၊ အဓိကအားဖြင့် ရွှေတူးကိရိယာများ ဖြစ်သည့် သံတူရွင်း၊ ဆောက်၊ တူကြီး၊ လက်လုပ် ၂၂ ရိုင်ဖယ်သေနတ် ၁ လက် နှင့် ကျည်ဆန် ၁၀ တောင့်၊ လက်ကိုင်ဖုန်း ၉ လုံး၊ ဝါယာလက် ၂ လုံး နှင့် မြန်မာငွေကျပ်အချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

ထို့အပြင် ထွက်ပြေးသွားအချို့၏ မြန်မာနိုင်ငံသား မှတ်ပုံတင်များကိုလည်း ထိုနေရာတွင် တွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူများသည် တရားမဝင် နယ်မြေကျူးကျော်မှု၊ သစ်တောဧရိယာကို ခုတ်ထွင်ရှင်းလင်းဖျက်ဆီးမှု စသည့် စွဲချက်များအပြင်၊ လက်နက်ကိုင်ဆောင်မှုဆိုင်ရာ ဥပဒေများဖြင့်ပါ အရေးယူမည်ဖြစ်သည်။

အမျိုးသားဥယျာဉ်အကြီးအကဲ Yutthapong Damsrisuk က ကျနော်တို့ဟာ ကျနော်တို့ရဲ့ အရေးကြီးတဲ့ ရေဝေ ရေလဲ သစ်တောတွေကို ကာကွယ်ဖို့အတွက် ဥပဒေကို အကောင်အထည် ဖော်သွားမှာပါ။ သဘာဝ သယံဇာတကို ကျူးကျော်ဖျက်ဆီးတဲ့ ဘယ်လိုပုံစံကိုမဆို ရပ်တန့်နိုင်ဖို့ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ် ဟု ပြောသည်။

ဖမ်းဆီးခံရသူ ၄ ဦးကို ပီလော့ခ်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး၊ ထွက်ပြေးလွတ်မြောက်သွားသည့် ကျန်ရှိသူများကိုလည်း ဖမ်းဆီးရမိရန် ဆက်လက် ခြေရာခံ စုံစမ်းနေကြောင်း ထိုင်းသတင်းဌာနများက ဆိုသည်။