KNU က ဘားအံမြို့နယ်အတွင်း ရွေးကောက်ပွဲကို တရားဝင်ပိတ်ပင် ဆန့်ကျင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်။
ကရင်အမျိုးသား အစည်းအရုံး KNU က ဘားအံနယ်မြေအတွင်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို တရားဝင် ပိတ်ပင် ဆန့်ကျင်လိုက်ပြီး ပြည်သူ့ဆန္ဒ အလွဲသုံးစားလုပ်ခြင်းဟု ထုတ်ပြန် ပြောဆိုလိုက်သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးသထူခရိုင် – ဘားအံမြို့နယ် အလုပ်မှုဆောင်ကော်မတီက စစ်ကော်မရှင် က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို ၎င်းတို့ ထိန်းချုပ်နယ်မြေ အတွင်း လုံးဝ ခွင့်ပြုမည်မဟုတ်ဘဲ ဆန့်ကျင်သွားမည်ဟု နိုဝင်ဘာလ ၁၇ ရက်နေ့တွင် တရားဝင် ထုတ်ပြန် ကြေညာလိုက်သည်။
KNU ၏ ထုတ်ပြန်ချက်အရ၊ စစ်ကော်မရှင်သည် နိုင်ငံတစ်ဝန်းတွင် စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေသည့် အဖွဲ့ဖြစ်ပြီး၊ ၎င်းတို့ ကျင်းပမည့် ရွေးကောက်ပွဲသည် တိကျမှန်ကန်သည့် ရလဒ်မဟုတ်ဘဲ ပြည်သူ့ သဘောဆန္ဒကို အလွဲသုံးစားပြုမည့် အတုအယောင် ရွေးကောက်ပွဲ သာဖြစ်ကြောင်း သတ်မှတ်သည်။
KNU ဒူးသထူခရိုင် – ဘားအံမြို့နယ် အလုပ်မှုဆောင်ကော်မတီက ဒေသခံပြည်သူများကို စစ်အာဏာရှင် သက်ဆိုး ရှည်စေမည့် ယင်းရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ခြင်း မပြုဘဲ၊ အကြမ်းမဖက်သောနည်းဖြင့် ဆန့်ကျင်ရန် တိုက်တွန်းထားသည်။
KNU ၏ ပြောဆိုချက်တွင် စစ်ကော်မရှင်သည် ၎င်းတို့၏ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ပြည်သူလူထု အပေါ် ဖိအားပေးမှုများ ပြုလုပ်နေကြောင်း ဖော်ပြသည်။
စစ်ကော်မရှင်သည် စစ်မှုထမ်းဥပဒေနှင့် စစ်ဘေးဒဏ်များကို အသုံးချပြီး ပြည်သူများအား မိမိနေရပ်သို့ မပြန်နိုင်အောင် ပြုလုပ်နေသည်။
ကျန်ရှိနေသော ပြည်သူများကိုလည်း ခြိမ်းခြောက်ဖိအားပေးကာ အတင်းအဓမ္မ မဲပေးခိုင်းစေမှုများ ဖြင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။
ထို့အပြင် စစ်ကော်မရှင်သည် ရွေးကောက်ပွဲစနစ်ကို ပြည်သူများ နားလည်ရခက်ခဲစေသော မဲပေးနည်းစနစ်များ၊ အထူးသဖြင့် ၎င်းတို့လိုချင်သည့် ရလဒ်ထွက်စေရန် ရည်ရွယ်သည့် အီလက်ထရောနစ်မဲပေးသည့် လုပ်ငန်းစဉ် များကို အသုံးပြုနေသည်ဟု KNU က ထောက်ပြသည်။
ကရင်စစ်ရှောင်များကို အကူအညီပေးနေသူ တစ်ဦးက “ဒီနယ်မြေမှာဆို စစ်ကြောင့် ပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတာ၊ စားဝတ်နေရေး ခက်ခဲနေရတာတွေပဲ ရှိတယ်။ ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲ လုပ်မယ် ဆိုတာဟာ လူထုရဲ့ အခက်အခဲကို လုံးဝ မထောက်ထားဘဲ သူတို့ရဲ့ နိုင်ငံရေး ထွက်ပေါက် တစ်ခုတည်းကိုပဲ ကြည့်တာဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ ရွေးကောက်ပွဲကို အဓိက တော်လှန်ရေး အင်အားစုများဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအဝင် အာရက္ခတပ်တော် (AA) စသည့် အဖွဲ့အစည်းများကလည်း တရားမဝင်သော အတုအယောင် ရွေးကောက်ပွဲအဖြစ် ပြင်းပြင်းထန်ထန် ဆန့်ကျင်ထားသည်။
နိုင်ငံရေး လေ့လာသူတစ်ဦးက “KNU ကနေ နယ်မြေဒေသအလိုက် ပြတ်သားတဲ့ ဆန့်ကျင်မှုကို ပြသလိုက်တာ ဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို တရားဝင်မှု (legitimacy) လုံးဝ မပေးဘူးဆိုတာ ပြသလိုက်တာပဲ” ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်နေ့ကလည်း ကရင်ပြည်၊ ဘားအံမြို့တွင် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ဆိုင်းဘုတ်ကို ဆုတ်ဖြဲမှုဖြင့် လူငယ်နှစ်ဦး ဖမ်းဆီးခံခဲ့ ရသေးရာ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဖိနှိပ်မှုများ ရှိနေကြောင်း ထပ်မံတွေ့ရှိရသည်။
ဘားအံမြို အမှတ် ၂ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး ရှေ့၌ စိုက်ထူထားသည့် USDP ပါတီက လွှတ်တော်ကိုယ်စား လှယ်လောင်း ဝန်ကြီးချုပ်ဦး စောမြင့်ဦး၏ မဲဆွယ်ဗီနိုင်းဖျက်ဆီးခံရပြီး လူငယ် ၂ ဦးကို စစ်ကော်မရှင်က ဖမ်းဆီးခဲ့ပြီး ပုဒ်မ ၂၄ – က ဖြင့် အမှုဖွင့်ထားခြင်း ဖြစ်သည်။