ကမ္ဘာ့စစ်တုရင် စံချိန်သစ်ကို တင်လိုက်သည့် အိန္ဒိယက ၃ နှစ်သားလေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်။

အိန္ဒိယနိုင်ငံမှ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် နိုင်ငံတကာ စစ်တုရင်အဖွဲ့ချုပ် (FIDE) ၏ တရားဝင် အဆင့်သတ်မှတ်ချက် (Rating) ကို ရယူနိုင်ခဲ့သည့် ကမ္ဘာ့အငယ်ဆုံး စစ်တုရင်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။ 

ဒီဇင်ဘာ ၆ ရက်နေ့တွင် FIDE က ကြေညာခဲ့သည့်အတိုင်း Sarwagya Singh Kushwaha (ဆာဝက်ဂျာဆင်း ကုရှ်ဝါဟာ) သည် အသက် ၃ နှစ်၊ ၇ လနှင့် ရက် ၂၀ ဖြင့် ယင်းစံချိန်ကို တင်ခဲ့ခြင်းဖြစ်သည်။

FIDE Rating ရရှိရန် အဆင့်သတ်မှတ်ခံထားရသူ အနည်းဆုံး ၅ ဦးကို အနိုင်ယူပြီး အနိမ့်ဆုံး Rating ၁၄၀၀ ရရှိရန် လိုအပ်သော်လည်း Sarwagya လေးကမူ Rapid Rating ၁၅၇၂ ဖြင့် စတင်ပွဲထွက်နိုင်ခဲ့သည်။ 

အိန္ဒိယ နိုင်ငံ Madhya Pradesh ပြည်နယ်မှလာသည့် Kushwaha သည် အသက် ၂ နှစ်ခန့်ကတည်းက စစ်တုရင် စတင်ကစားခဲ့ပြီး တစ်ရက်လျှင် ၄ နာရီမှ ၅ နာရီအထိ ကစားလေ့ရှိသည်။

ဖခင်ဖြစ်သူ Siddharth Singh က ၎င်း၏သားသည် ရွယ်တူကလေးများထက် ပိုမို စိတ်ရှည်သည်းခံနိုင်ပြီး စားပွဲပေါ်တွင် ငြိမ်သက်စွာ ထိုင်နိုင်ခြင်းသည် အဓိက အားသာချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

၂၀၂၅ ခုနှစ်အတွင်း Kushwaha လေးသည် အသက် ၂၀ ကျော် ကမ္ဘာ့အဆင့်ဝင် ပြိုင်ဘက် ၃ ဦးကို အနိုင်ယူခဲ့သည့် မှတ်တမ်းများလည်း ရှိခဲ့သည်။ 

ယခင်က စံချိန်ဟောင်းပိုင်ရှင်မှာလည်း အိန္ဒိယနိုင်ငံမှပင် ဖြစ်သည့် Anish Sarkar ဖြစ်ပြီး သူသည် အသက် ၃ နှစ်၊ ၈ လနှင့် ၁၉ ရက်အရွယ်တွင် Rating ၁၅၅၀ ရခဲ့ဖူးသည်။ Kushwaha လေးကမူ အသက်ပိုငယ်သည့်အပြင် Rating လည်း ပိုမြင့်ခဲ့သည်။