တောင်ကိုရီးယား လေကြောင်းကာကွယ်ရေးဇုန်အတွင်း ရုရှား-တရုတ် စစ်ဘက်လေယာဉ်များ ဝင်ရောက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်။
တရုတ်-ဂျပန် တင်းမာမှုများအကြား ရုရှားနှင့် တောင်ကိုရီးယားနိုင်ငံများပါ ပါဝင်လာနေသော အခြေအနေတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။
တောင်ကိုရီးယား ပူးတွဲဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရ ရုရှားစစ်ဘက်လေယာဉ် ၇ စီးနှင့် တရုတ်စစ်ဘက်လေယာဉ် ၂ စီး စုစုပေါင်း ၉ စီးသည် အင်္ဂါနေ့ မနက် ၁၀ နာရီခန့်တွင် ကိုရီးယား လေကြောင်းကာကွယ်ရေး ဇုန် (KADIZ) အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ထိုသို့ ဝင်ရောက်လာမှုကြောင့် တောင်ကိုရီးယားသည် ၎င်း၏ ဂျက်တိုက်လေယာဉ်များကို စေလွှတ်ခဲ့ရသည်။
တောင်ကိုရီးယား စစ်တပ်က အဆိုပါလေယာဉ်များသည် လေကြောင်းပိုင်နက်ထဲသို့ ဝင်ရောက်ခဲ့ခြင်းမဟုတ်ဘဲ လေကြောင်းကာကွယ်ရေး ဇုန်အတွင်းသို့သာ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျူးကျော်လာသော လေယာဉ်များသည် နာရီဝက်အတွင်း ထိုနယ်မြေမှ ပြန်လည်ထွက်ခွာသွားသည်ဟုလည်း ယွန်ဟပ်သတင်းဌာနက ဖော်ပြသည်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကမူ ၎င်းတို့၏ လေယာဉ်များသည် တရုတ်-ရုရှား နှစ်ပတ်လည် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၏ အစိတ်အပိုင်းအဖြစ် ရုရှားစစ်တပ်နှင့် ပူးတွဲလေ့ကျင့်ရေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။ တရုတ်နှင့် ရုရှားတို့သည် ၂၀၁၉ ခုနှစ်ကတည်းက KADIZ အတွင်းသို့ စစ်ဘက်လေယာဉ်များ ပျံသန်းသည့် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်ခဲ့ဖူးပြီး၊ ၂၀၂၂ ခုနှစ်တွင် ရုရှားက ယူကရိန်းစစ်ပွဲ စတင်ပြီးနောက်တွင် နှစ်နိုင်ငံအကြား သံတမန်နှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးများကို ပိုမိုတိုးမြှင့်ခဲ့သည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း ယခုကဲ့သို့ KADIZ အတွင်း ဝင်ရောက်လာသော တရုတ်နှင့် ရုရှားလေယာဉ်များကြောင့် တောင်ကိုရီးယားက ဂျက်တိုက်လေယာဉ်များ စေလွှတ်ခဲ့ရဖူးသည်။