ထိုင်း-ကမ္ဘောဒီးယား တင်းမာမှုများကြောင့် SEA ဂိမ်းမှ ကမ္ဘောဒီးယားအသင်း နုတ်ထွက်
သတင်းနှင့် မီဒီယာကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်။
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသော ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA ဂိမ်း) မှ ကမ္ဘောဒီးယား ကစားသမားအားလုံးသည် ယနေ့မနက်ပိုင်းတွင် နုတ်ထွက်သွားခဲ့သည်။
ယင်းသို့ နုတ်ထွက်ရခြင်းမှာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် တင်းမာမှုများ ပြန်လည်ဖြစ်ပွားလာပြီးနောက် ဒီဇင်ဘာ ၉ ရက်နေ့၌ ထိုင်းနိုင်ငံက ကမ္ဘောဒီးယားနိုင်ငံထဲရှိ ဒုံးကျည် သိုလှောင်စခန်းများကို တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ကမ္ဘောဒီးယား အမျိုးသား အိုလံပစ်ကော်မတီ၏ အတွင်းရေးမှူးချုပ် Vath Chamroeun (ဗာ့သ် ချမ်ရုန်) က အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ် (SEAGF) သို့ ယနေ့မနက် ၁၀ နာရီခွဲတွင် နုတ်ထွက်ကြောင်း စာပို့ အကြောင်းကြားခဲ့သည်။
နုတ်ထွက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ အားကစားသမားများ၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်မကင်းဖြစ်ရခြင်းနှင့် မိသားစုဝင်များ၏ တောင်းဆိုမှုများကြောင့် ခက်ခဲသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရခြင်းဖြစ်ကြောင်း ကော်မတီက အကြောင်းကြားစာတွင် ဖော်ပြသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ကတည်းက ဘောလုံး၊ ဘောလီဘောနှင့် ကိုယ်ခံပညာ စသည့် အားကစား အမျိုးအစား ၉ မျိုးမှ နုတ်ထွက်ခဲ့ပြီးဖြစ်သည်။ ယခုအခါတွင်မူ ကျန်ရှိနေသော အားကစားသမား ၁၁၀ ဦးလုံး နုတ်ထွက်သွားခြင်းဖြစ်သည်။
ကမ္ဘောဒီးယား အမျိုးသား အိုလံပစ်ကော်မတီသည် နုတ်ထွက်သွားသည့် အားကစားသမား ၁၁၀ အပါအဝင် အားကစားအဖွဲ့ ထွက်ခွာရေးအတွက် SEAGF နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။