သေနတ်ဖြင့် ဒရုန်းပစ်နိုင်မည့် Arbel (အာဘဲလ်) စနစ် ကို ဥရောပနိုင်ငံများ စိတ်ဝင်စားမှု မြင့်တက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်။
ဒရုန်းများကို တိကျစွာ ပစ်ချနိုင်သော Arbel (အာဘဲလ်) ဟုခေါ်သည့် မိုက်ခရိုကွန်ပျူတာ စနစ်ကို ဥရောပနိုင်ငံများက စိတ်ဝင်စားမှု အလွန်များပြားနေပြီး လာမည့်နှစ်များအတွင်း အသုံးပြုနိုင်ရန် စီစဉ်နေကြသည်။
အစ္စရေးလက်နက် ထုတ်လုပ်ရေး ကုမ္ပဏီ IWI (Israel Weapon Industries) မှ ထုတ်လုပ်သော Arbel စနစ်သည် သာမန်ရိုင်ဖယ် သေနတ်များကိုပင် ကုန်ကျစရိတ် သက်သာသည့် ဒရုန်းပစ်လက်နက် အဖြစ်သို့ ပြောင်းလဲပေးနိုင်သော နည်းပညာဖြစ်သည်။
IWI ကုမ္ပဏီ၏ ခန့်မှန်းချက်အရ လာမည့်နှစ် ၂၀၂၆ ခုနှစ်တွင် ဥရောပနိုင်ငံများ၏ ၄၀% မှ ၅၀% ခန့်သည် Arbel စနစ်ကို ရယူပိုင်ဆိုင်ထားပြီးဖြစ်မည် သို့မဟုတ် ဝယ်ယူရန် နီးစပ်သည့် အနေအထားသို့ ရောက်ရှိလာမည်ဖြစ်သည်။
ယူကရိန်းစစ်ပွဲကဲ့သို့သော ခေတ်သစ်ပဋိပက္ခများတွင် ဒရုန်းများ၏ လွှမ်းမိုးမှု ကြီးမားလာခြင်း၊ လက်ရှိ ဒရုန်းကာကွယ်ရေး လက်နက်များမှာ ကုန်ကျစရိတ် ကြီးမားခြင်းတို့ကြောင့် ဤကုန်ကျစရိတ် သက်သာသည့် Arbel စနစ်ကို စိတ်ဝင်စားလာခြင်း ဖြစ်သည်။
Arbel စနစ်တွင် ရှုပ်ထွေးသော မိုက်ခရိုကွန်ပျူတာ နည်းပညာ တပ်ဆင်ထားပြီး၊ ပစ်ခတ်မှု၏ တိကျမှန်ကန်မှုကို ၂ ဆ မှ ၃ ဆအထိ မြှင့်တင်ပေးနိုင်စွမ်း ရှိသည်။
ပစ်ခတ်သူသည် ချိန်ရွယ်ခြင်းနှင့် ခြေရာခံခြင်းသာ ပြုလုပ်ရန် လိုအပ်ပြီး၊ ကျည်ဆန်ထွက်မည့် အချိန်ကိုက်ခြင်း (Shot Timing) ကို စနစ်က အလိုအလျောက် ကိုင်တွယ်ပေးမည်ဖြစ်သည်။