မြန်မာနိုင်ငံအတွက် ဒေါ်လာ ၁၂၁ သန်း ရန်ပုံငွေပါဝင်သည့် ဥပဒေကြမ်းကို သမ္မတ ထရမ့် လက်မှတ်ရေးထိုး အတည်ပြု

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၄ ရက်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မြန်မာနိုင်ငံအတွက် အကူအညီများ ပါဝင်သည့် H.R. 7148 (Consolidated Appropriations Act, 2026) အစိုးရအသုံးစရိတ် ဥပဒေကြမ်းကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် လက်မှတ်ရေးထိုး အတည်ပြုလိုက်ပြီ ဖြစ်သည်။ 

ထို့ကြောင့် Burma Act အရ မြန်မာနိုင်ငံအတွက် လျာထားသော အမေရိကန်ဒေါ်လာ ၁၂၁ သန်း ရန်ပုံငွေသည် တရားဝင် ဥပဒေအဖြစ် အတည်ဖြစ်သွားပြီ ဖြစ်သည်။

အဆိုပါ ဥပဒေအရ ခွဲဝေချထားပေးမည့် ရန်ပုံငွေများကို အောက်ပါ ကဏ္ဍကြီး ၄ ခုတွင် အဓိက အသုံးပြုသွားရန် သတ်မှတ်ထားသည် –

၁။ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီများ

ရန်ပုံငွေ၏ အများဆုံးအပိုင်းဖြစ်သော ဒေါ်လာ ၇၅ သန်းခန့် ကို နယ်စပ်ဒေသတစ်လျှောက်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် အစားအသောက်၊ ဆေးဝါးနှင့် အမိုးအကာများ ထောက်ပံ့ပေးနိုင်မည့် လူသားချင်းစာနာမှု အကူအညီများအဖြစ် အသုံးပြုသွားမည် ဖြစ်သည်။

၂။ တော်လှန်ရေးအင်အားစုများအတွက် နည်းပညာပံ့ပိုးမှု (Non-lethal Support)

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များအတွက် ဒေါ်လာ ၂၅ သန်းခန့် သတ်မှတ်ထားသည်။ ဤအကူအညီတွင် သေစေနိုင်သော လက်နက်များ ပါဝင်ခြင်းမရှိဘဲ ဆက်သွယ်ရေးစက်များ၊ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုများနှင့် စီမံခန့်ခွဲမှုစွမ်းရည် မြှင့်တင်ရေး လုပ်ငန်းများအတွက် ရည်ရွယ်သည်။

၃။ ဒီမိုကရေစီ ယန္တရားနှင့် အုပ်ချုပ်ရေးပိုင်း ခိုင်မာစေခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အခြားသော အရပ်ဘက် အဖွဲ့အစည်းများက ထိန်းချုပ်ထားသော နယ်မြေများတွင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများနှင့် အုပ်ချုပ်ရေးယန္တရားများ ပိုမိုခိုင်မာလာစေရန် ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

၄။ နိုင်ငံရေးအကျဉ်းသားများနှင့် CDM တပ်ဖွဲ့ဝင်များ ကူညီရေး

မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများအား ပြန်လည်ထူထောင်ရေး ကူညီပေးရန်နှင့် စစ်ကောင်စီတပ်မှ ခွဲထွက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံလာသည့် အလင်းဝင်တပ်ဖွဲ့ဝင် (CDM) များအား စောင့်ရှောက်နိုင်ရန်အတွက်လည်း ရန်ပုံငွေများ ပါဝင်သည်။

ဥပဒေအဖြစ် အတည်ပြုပြီး ဖြစ်သော်လည်း သမ္မတ ထရမ့်၏ အစိုးရသစ်သည် DOGE (Department of Government Efficiency – အစိုးရ စွမ်းဆောင်ရည်မြှင့်တင်ရေးဌာန) မှတစ်ဆင့် နိုင်ငံခြား အကူအညီပေးအပ်မှုများကို ပြန်လည်စိစစ်လျက် ရှိသည်။ 

ထို့ကြောင့် ရန်ပုံငွေများ မြေပြင်သို့ အမှန်တကယ် စီးဆင်းရောက်ရှိရန်အတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာ အချိန်အတိုင်းအတာတစ်ခု ထပ်မံစောင့်ဆိုင်းကောင်း စောင့်ဆိုင်းရနိုင်သေးသည်။