အိန္ဒိယက အာရေဗျပင်လယ်အတွင်း ရေနံမှောင်ခိုသင်္ဘော ၃ စီး ဖမ်းဆီး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်။ 

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့သည် မွန်ဘိုင်းမြို့၏ အနောက်ဘက် ရေမိုင် ၁၀၀ ခန့်အကွာတွင် နိုင်ငံတကာ ရေနံမှောင်ခိုဂိုဏ်းတစ်ခုကို နှိမ်နင်းနိုင်ခဲ့ပြီး ရေနံတင်သင်္ဘော ၃ စီးကို ဖမ်းဆီးလိုက်သည်။ 

အဆိုပါသင်္ဘောများသည် အီရန်နိုင်ငံနှင့် ဆက်နွှယ်နေကြောင်း သင်္ဘောသွားလာမှု စောင့်ကြည့်ရေးအဖွဲ့ဖြစ်သော Tanker Trackers က ဆိုသည်။

မှောင်ခိုဂိုဏ်းသည် ပဋိပက္ခဖြစ်ပွားရာဒေသများမှ ဈေးပေါသောရေနံများကို နိုင်ငံတကာရေပိုင်နက်အတွင်း သင်္ဘောတစ်စီးမှ တစ်စီးသို့ လွှဲပြောင်းသည့်နည်းလမ်းဖြင့် အခွန်ရှောင်၍ သယ်ယူခဲ့ခြင်းဖြစ်သည်။ 

ဖမ်းဆီးရမိသော သင်္ဘောများမှာ Stellar Ruby၊ Al Jafzia နှင့် Asphalt Star တို့ဖြစ်ကြပြီး ၎င်းတို့သည် ဖမ်းဆီးမခံရစေရန် သင်္ဘောအမည်နှင့် အချက်အလက်များကို မကြာခဏ ပြောင်းလဲလေ့ရှိသည်ဟု ဆိုသည်။ 

လက်ရှိတွင် ၎င်းသင်္ဘောများကို ဥပဒေအရ အရေးယူနိုင်ရန် မွန်ဘိုင်းဆိပ်ကမ်းသို့ ခေါ်ဆောင်လာပြီဖြစ်သည်။

အိန္ဒိယ အစိုးရက ပင်လယ်ပြင် ရေနံ မှောင်ခိုဂိုဏ်းကို နှိမ်နင်းခြင်း ဖြစ်သည်ဟု ပြောသည်။