တရုတ်နှစ်သစ်ကူးနှင့် မီးမြင်းနှစ် ကြိုဆိုပွဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်။
တရုတ်နှစ်သစ်ကူး (နွေဦးပွဲတော်) အထိမ်းအမှတ်အဖြစ် တရုတ်ရုပ်သံကွန်ရက် CGTN တွင် လူသားများနှင့် AI စွမ်းရည်သုံး လူသားစက်ရုပ်များ ပူးပေါင်းတင်ဆက်သည့် ကွန်ဖူးပြပွဲတစ်ခုကို ပြသခဲ့ပါသည်။
ထိုပြပွဲတွင် စက်ရုပ်များ၏ တိကျမှုနှင့် နူးညံ့ပျော့ပြောင်းသော လှုပ်ရှားမှုများကို ထည့်သွင်းပုံဖော်သွားခဲ့ပါသည်။
တရုတ်ရိုးရာ ပြက္ခဒိန်အရ ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်တွင် “မီးမြင်းနှစ်” သို့ စတင်ရောက်ရှိပြီ ဖြစ်ပါသည်။
ရိုးရာထုံးတမ်းစဉ်လာအရ နဂါးနှင့် ခြင်္သေ့အကများဖြင့် ကံကောင်းခြင်းကို ခေါ်ယူကြသလို၊ လူကြီးများက လူငယ်များကို “အန်ပေါင်း” (အနီရောင်စာအိတ်) ပေးကမ်းခြင်း၊ မိသားစုစုံညီစွာဖြင့် ကံကောင်းခြင်းနှင့် ရေရှည်တည်တံ့ခြင်းကို အဓိပ္ပာယ်ဆောင်သော ဟင်းလျာ ၈ မျိုး သို့မဟုတ် ၉ မျိုးကို ချက်ပြုတ်စားသောက်ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ဆင်နွှဲလျက်ရှိကြပါသည်။
အနှစ် ၆၀ လျှင် တစ်ကြိမ်သာ ကျရောက်တတ်သည့် ဤနှစ်သည် ခွန်အားနှင့် တက်ကြွမှုကို ကိုယ်စားပြုသဖြင့် အပြောင်းအလဲသစ်များ ပြုလုပ်ရန် အခွင့်အရေးကောင်းသောနှစ်ဟု ယူဆကြပါသည်။