ရှမ်းတောင် ကဒူးကြီးဒေသကို ပအိုဝ်းပြည်သူ့စစ်က လက်နက်ကြီးဖြင့် ပစ်ရာ အရပ်သား ၂ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်။ 

မောက်မယ်မြို့နယ် ကဒူးကြီးဒေသ ကျေးရွာအတွင်းသို့ ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သား ၂ ဦး ပြင်းထန် ဒဏ်ရာများ ရရှိခဲ့သည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်ရှိ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) ထိန်းချုပ်ရာ ကဒူးကြီးဒေသအတွင်းသို့ စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နာဟီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သား (၂) ဦး ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ပွန်ချောင်းအား ဖြတ်ကျော်ဝင်ရောက်လာသည့် စစ်ကော်မရှင် ပူးပေါင်းတပ်သည် ဗန်းမတ်ကျေးရွာ၌ အထိုင်ချကာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နာဟီးကျေးရွာသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက အဲဒီ လက်နက်ကြီးနဲ့ ပစ်တာ အဲဒီ နာဟီးကျေးရွာထဲကို ကျတာဖြစ်ပါတယ်။ နာဟီးကျေးရွာကတော့ ဟိုတိုက်ပွဲနဲ့ မဆိုင်တဲ့နေရာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ BGF က အဲဒီရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ပစ်ထည့်တာ ပေါ့လေ။ အဲဒီမှာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရပြီးတော့ အမျိုးသမီးက ဒဏ်ရာပြင်းထန်နေ တဲ့ အခြေအနေဖြစ်တယ် ဟု အတည်ပြု ပြောသည်။

စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီကာလများ ကတည်းက ကဒူးကြီးဒေသအတွင်းသို့ PNA ပူးပေါင်းစစ်ကြောင်းများသည် နေ့စဉ်နီးပါး ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်နေ့ တွင် ဗန်းမတ်ကျေးရွာအတွင်းသို့ ဝင်ရောက်စိုးမိုးနိုင်ခဲ့ခြင်း ဖြစ်သည်။

ခွန်ရိန်းယံက ဆက်လက်၍ ဒီကျေးရွာတွေက တိုက်ပွဲနဲ့လည်း မဆိုင်ပါဘူးဗျာ။ အခုလိုမျိုး PNOBGF အနေနဲ့ ပအိုဝ်းလူမျိုးတွေရဲ့ ကျေးရွာ၊ ပအိုဝ်းလူမျိုးတွေ နေထိုင်တဲ့နေရာကို လက်နက်ကြီးနဲ့ ပစ်ထည့်တာကတော့ စိတ်မကောင်းဘူးပေါ့ဗျာ။ မဖြစ်သင့် မဖြစ်ထိုက်၊ မလုပ်သင့် မလုပ်ထိုက်တဲ့ဟာတွေကို လုပ်နေတာကျတော့ ပြည်သူတွေကို ရန်သူလို သဘောထားပြီး တိုက်ခိုက်နေတာ လုံးဝ ကန့်ကွက်ရှုတ်ချပါတယ်” ဟု ၎င်း၏ သဘောထားကို ပြောဆိုသည်။

ကဒူးကြီးဒေသအတွင်း မြေပြင်အခြေအနေမှာ ဆိုးရွားလျက်ရှိပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်လည်း ဗန်းမတ်၊ မုဲင်းဟုဲင်း နှင့် ဟမ်းဗွာ ကျေးရွာများကို အသေခံဒရုန်း (Kamikaze Drone) များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ရသည့်အပြင်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့၌လည်း ဗန်းမတ်ကျေးရွာရှိ အရပ်သားနေ အိမ်များကို မီးရှို့ဖက်ဆီးမှုများ ပြုလုပ်ခဲ့သေးသည်။

စစ်ရေးလေ့လာသူများ၏ သုံးသပ်ချက်အရ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် စစ်ကော်မရှင်အကြား အပစ်ရပ်စဲရေး သဘောတူညီချက်များ ရှိလာပြီးနောက် PNLA အနေဖြင့် မဟာမိတ်အင်အား စုစည်းမှုအပိုင်းတွင် စိန်ခေါ်မှုများရှိနေပြီး စစ်ကော်မရှင် ပူးပေါင်းတပ်များကို တစ်ဖွဲ့တည်း ခုခံရင်ဆိုင်နေရသည့် အနေအထားသို့ ရောက်ရှိနေသည်ဟု ဆိုသည်။