G7 က သိုလှောင်ထားသော ရေနံများ ထုတ်သုံးဖို့ ဆွေးနွေး၊ ရေနံဈေး အနည်းငယ် ကျ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်။ 

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲအတွင်း အစ္စရေးနိုင်ငံက အီရန်နိုင်ငံရှိ ရေနံချက်စက်ရုံများနှင့် သိုလှောင်ရုံများကို လေကြောင်းမှ တိုက်ခိုက်ခဲ့သကဲ့သို့၊ အီရန်ဘက်ကလည်း ဆော်ဒီအာရေဗျနိုင်ငံရှိ ရေနံမြေများကို ဒရုန်းများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။

ကမ္ဘာ့ရေနံတင်ပို့မှု ငါးပုံတစ်ပုံခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောသွားလာမှုအားလုံးနီးပါး ရပ်တန့်နေခြင်းသည် ရေနံဈေးကွက်အတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။ 

ထို့ကြောင့် G7 ဘဏ္ဍာရေးဝန်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) တို့သည် အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး ကမ္ဘာ့စွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းရန် လိုအပ်သည့် အစီအမံများကို လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်နှင့်အတူ အီရန်စစ်ပွဲမှာ ကြာရှည်မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်ကြောင့် ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၂၀ ခန့်အထိ ရှိနေရာမှ ဒေါ်လာ ၁၀၀ အောက်သို့ ပြန်လည်ကျဆင်းသွားခဲ့သည်။ 

သမ္မတထရမ့်က ရေနံရှားပါးမှုကို ဖြေရှင်းရန်အတွက် ရုရှားအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုအချို့ကို ဖြေလျှော့ပေးရန်အပါအဝင် အခြားသော နည်းလမ်းများကိုပါ စဉ်းစားလျက်ရှိသည်။ 

တစ်ဖက်တွင်လည်း ကမ္ဘာအနှံ့  လောင်စာဆီရှားပါးမှုများ ကြုံတွေ့လာနေသည်။ နိုင်ငံပေါင်းစုံက နည်းမျိုးစုံဖြင့် လောင်စာ ပြဿနာကို ဖြေရှင်းလျက်ရှိရာ ဖိလစ်ပိုင်အစိုးရက ဆီချွေတာသည့်အနေဖြင့် ဝန်ထမ်းများ တစ်ပတ်လျှင် ရုံးလေးရက်သာ တက်ရောက်ကြရန် မေတ္တာရပ်ခံထားသည်။