အင်ဒိုနီးရှားနိုင်ငံက အိန္ဒိယထုတ် BrahMos ဒုံးကျည်များ ဝယ်ယူမည် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်။ 

အင်ဒိုနီးရှားနိုင်ငံသည် အသံထက်မြန်သော BrahMos (ဘရာမို့စ်) ဒုံးကျည်စနစ်များကို အိန္ဒိယနိုင်ငံမှ ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့သည်။ 

အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရီကို ရီကာဒို ဆီရာအစ် Rico Ricardo Sirait က ဤဝယ်ယူမှုသည် ရေကြောင်းကာကွယ်ရေးကဏ္ဍကို ခေတ်မီအောင် မြှင့်တင်ရန်ဖြစ်ပြီး သဘောတူညီချက်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ မှ ၃၅၀ အတွင်း ရှိနိုင်ကြောင်း အတည်ပြုခဲ့သည်။

အိန္ဒိယနှင့် ရုရှားတို့ ပူးပေါင်းထုတ်လုပ်သည့် BrahMos ဒုံးကျည်သည် အသံထက် ၃ ဆနီးပါး မြန်ဆန်ပြီး ရေပြင်နှင့် မျဉ်းပြိုင် ပျံသန်းနိုင်သည့်အပြင် လမ်းကြောင်းကို စိတ်ကြိုက် ပြောင်းလဲနိုင်သည်။ 

ပင်လယ်ရေမျက်နှာပြင်နှင့် အလွန်နီးကပ်စွာ ပျံသန်းနိုင်ခြင်းကြောင့် ရန်သူ့ရေဒါများက ကြားဖြတ်ဖျက်ဆီးရန် ခက်ခဲလှသည်။ 

အင်ဒိုနီးရှားသည် ဖိလစ်ပိုင်ပြီးနောက် အဆိုပါဒုံးကျည်စနစ်ကို ဝယ်ယူသည့် ဒုတိယမြောက် အရှေ့တောင်အာရှနိုင်ငံ ဖြစ်လာသည်။ 

တောင်တရုတ်ပင်လယ်နှင့် ထိစပ်နေသော အင်ဒိုနီးရှား ရေပိုင်နက်နှင့် သီးသန့်စီးပွားရေးဇုန်အတွင်း တရုတ်ငါးဖမ်းသင်္ဘောများ ကျူးကျော်ဝင်ရောက်ခြင်းကို တားဆီးရန် ရည်ရွယ်ခြင်းဖြစ်သည်။