ရွှေတြိဂံဒေသ လာအိုနိုင်ငံဘက်ခြမ်းတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် ဖွင့်လှစ် 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်။ 

လာအိုနိုင်ငံမြောက်ပိုင်း ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း ဘတ်ငွေ ၆ ဘီလီယံကျော် အကုန်အကျခံ တည်ဆောက်ထားသည့် ဘိုကေအို (Bokeo) အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မတ်လ ၆ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။ 

အဆိုပါစီမံကိန်းသည် တရုတ်လုပ်ငန်းရှင် ကျောက်ဝေ (Zhao Wei) ပိုင်ဆိုင်သည့် ကုမ္ပဏီက (၅၀) နှစ်ကြာ BOT စနစ်ဖြင့် ရင်းနှီးမြှုပ်နှံ တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ 

BOT စံနစ်ဆိုသည်မှာ (Build- Operate- Transfer၊ တည်ဆောက်- လည်ပတ်- လွှဲပြောင်း) ပေးသည့် စံနစ်ဖြစ်သည်။ ဤလေဆိပ်ကို ကျောက်ဝေ၏ ကုမ္ပဏီက တည်ဆောက်ပြီး နှစ် ၅၀ လည်ပတ်ပြီးနောက်တွင် လာအို နိုင်ငံသို့ လွှဲပြောင်းပေးမည် ဖြစ်သည်။  

ဤလေဆိပ်သည် မဲခေါင်ဒေသ၏ လေကြောင်းဗဟိုချက် ဖြစ်လာစေရန် ရည်မှန်းထားသော်လည်း တစ်ဖက်တွင် တရုတ်နိုင်ငံ၏ “ပိုးလမ်းမစီမံကိန်း” (BRI) အရ ဒေသတွင်း သယ်ယူပို့ဆောင်ရေးနှင့် စီးပွားရေးအပေါ် ဩဇာလွှမ်းမိုးမှု ပိုမိုကြီးမားလာမည့် အခြေအနေအဖြစ် ဝေဖန်မှုများရှိနေပါသည်။ 

လေဆိပ်ဖွင့်လှစ်မှုကြောင့် တရုတ်နိုင်ငံ၏ ကူမင်းနှင့် ကွမ်ကျိုးမြို့များသို့ တိုက်ရိုက်ပျံသန်းနိုင်မည်ဖြစ်သည်။ 

ဘိုကေအို လေဆိပ်မှာ အလတ်စား လေဆိပ်ဖြစ်ပြီး Airbus 320  နှင့် Boeing 737 ကဲ့သို့သော လူစီး ဂျက်လေယာဉ်များ ဆင်းတက်နိုင်သည့် လေဆိပ်မျိုး ဖြစ်သည်။