ထိုင်းတွင် တောဆင်ရိုင်း နှစ်ကောင်၏ အလောင်းများတွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက်။ 

ထိုင်းနိုင်ငံ အနောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသများတွင် အမျိုးသား ဥယျာဉ်များအနီး နေထိုင်ကြသည့် ဒေသခံပြည်သူများနှင့် တောရိုင်းတိရစ္ဆာန်များအကြား ပဋိပက္ခများ ပိုမိုပြင်းထန်လာနေပြီး၊ သီးခြား ဖြစ်စဉ်နှစ်ခုအတွင်း တောဆင်ရိုင်းနှစ်ကောင် သေဆုံးခဲ့ရသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက အတည်ပြု ပြောကြားလိုက်ပါတယ်။

ပထမဖြစ်စဉ်အနေဖြင့် ထိုင်းနိုင်ငံအနောက်ပိုင်း ကန်ချနဘူရီ (Kanchanaburi) ခရိုင်အတွင်းရှိ ဘန်ထာမနောင်း (Ban Tha Manao) ကျေးရွာအနီးတွင် အသက် ၂၅ နှစ်မှ ၃၀ ဝန်းကျင်ရှိ တောဆင်ရိုင်းတစ်ကောင် လျှပ်စစ်ဓာတ်လိုက်၍ သေဆုံးနေသည်ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညပိုင်းက တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ 

ဆာလက်ဖရာ (Salak Phra) တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော တာဝန်ရှိသူများနှင့် တိရစ္ဆာန်ဆေးကုဆရာဝန်များအဖွဲ့သည် တနင်္လာနေ့တွင် အဆိုပါ ဆင်အသေကောင်အား ခွဲစိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၎င်း၏ ၁ မီတာခန့်စီ ရှည်လျားသော ဆင်စွယ်များကို ဖယ်ရှားသိမ်းဆည်းခဲ့ကြသည်။ 

စုံစမ်းစစ်ဆေးချက်များအရ အဆိုပါဆင်ရိုင်းသည် အုပ်စုတွင်းရှိ အခြားဆင်များနှင့် အားပြိုင်ရာမှ အုပ်စုကွဲကာ ဘေးမဲ့တော ပြင်ပသို့ အစာရှာဖွေရန် ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ လမ်းခရီးတွင် လျှပ်စစ်ဓာတ်တိုင်များအား တွန်းလှဲကာ လျှပ်စစ်ကြိုးများကို ပါးစပ်ဖြင့် ဆွဲယူကိုက်မိရာမှတစ်ဆင့် 

ပြင်းထန်သော လျှပ်စစ်ရှော့ခ်ဖြစ်ကာ နေရာ၌ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု ဆိုသည်။ 

အဆိုပါဆင်အသေကောင်အား ထိုနေရာ၌ပင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်ဟု ဆိုသည်။ 

အလားတူ ထိုင်းနိုင်ငံအရှေ့ပိုင်း ချန်သာဘူရီ (Chanthaburi) ခရိုင်၊ ခေါင်ခစ်ချာကွတ် (Khao Khitchakut) အမျိုးသားဥယျာဉ်အတွင်းရှိ ခလောင်ဖလူး (Khlong Phlu) ဒေသတွင် ဒေသခံများက “ပလိုင်ကောကဲဗ်” (Plai Kor Kaew) ဟု ခေါ်ဆိုကြသည့် အသက် ၃၀ ဝန်းကျင်ရှိ တောဆင်ရိုင်းတစ်ကောင်မှာ သစ်သီးခြံတစ်ခုအနီးရှိ ရေကန်အနီး၌ သေဆုံးနေကြောင်း ဒေသခံများက တွေ့ရှိခဲ့သည်။ 

အမျိုးသားဥယျာဉ်အရာရှိများနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါဆင်ရိုင်း၏ နားရွက်၊ ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ရှေ့ခြေထောက်တို့တွင် သေနတ်ကျည်ဆန်ထိမှန်ထားသည့် ဒဏ်ရာ အနည်းဆုံး ၆ ချက်ခန့် တွေ့ရှိခဲ့ရသည်။ 

သားရိုင်း ထိန်းသိမ်းရေး အရာရှိများက တောဆင်ရိုင်းများ စိုက်ပျိုးရေး လုပ်ငန်းခွင်များအတွင်းသို့ ဝင်ရောက်လာကြသဖြင့် ဒေသခံများနှင့် ထိပ်တိုက်တွေ့ခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်သည်။ 

တောရိုင်းတိရစ္ဆာန်များ ကျက်စားရာနယ်မြေများ ကျုံ့ဝင်လာခြင်းနှင့် အစာရေစာ ရှားပါးလာခြင်းတို့ကြောင့် တောဆင်ရိုင်းများသည် လူနေဒေသများနှင့်  စိုက်ပျိုးရေးလုပ်ငန်းခွင်များအတွင်းသို့ ဝင်ရောက်လာနေကြသည်။ 

အဆိုပါ တောဆင်ရိုင်းနှစ်ကောင် သေဆုံးမှုဖြစ်စဉ်သည် သဘာဝပတ်ဝန်းကျင်နှင့် လူသားတို့အကြား ဟန်ချက်ညီညီ နေထိုင်နိုင်ရေးအတွက် ပိုမိုကြီးမားသော စိန်ခေါ်မှုများ ဖြစ်ပေါ်နေကြောင်း ပြသနေသည်ဟု ပညာရှင်များက ထောက်ပြထားကြသည်။