ငွေဆောင်တွင် တောဆင်ရိုင်းဝင်တိုက်၊ မိသားစု ၃ ဦးသေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ မဒေါ့ကုန်းကျေးရွာအုပ်စုရှိ လယ်တဲတစ်ခုကို တောဆင် ရိုင်းတစ်ကောင် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် မိသားစုဝင် ၃ ဦး သေဆုံးပြီး ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၂ နာရီခွဲခန့်တွင် ငှက်ပျောချောင်းကွင်း အနောက်ဘက်တောစပ်၌ လယ် ယာလုပ်ငန်းလုပ်ကိုင်နေသည့် မိသားစု ၄ ဦး တဲအတွင်း အိပ်ပျော်နေစဉ် တောဆင်ရိုင်းတစ်ကောင် ရုတ်တရက် ဝင်ရောက်လာပြီး တဲအား ဖြိုဖျက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“၁၅ ရက်နေ့ မနက်အစောကြီး ၂ နာရီခွဲလောက်မှာ ဖြစ်သွားတာပါ။ တောဆင်ရိုင်း တစ်ကောင်ထဲပဲ။ ဘယ်လို ဖြစ်ပြီး တဲကိုဝင်ဖြိုတာ မသိဘူး။ လယ်တဲချင်း နီးစပ်တဲ့ ဦးစနေထွန်း၊ ရွာလူကြီးတွေကို ဖုန်းဆက် အကြောင်း ကြားခဲ့တာပါ။ သေဆုံးဒဏ်ရာရတဲ့ မိသားစုကို မနက် ၉ နာရီကျော်မှ အချိန်တွင် ပုသိမ်ဆေးရုံကြီး ပို့နိုင်ပါ တယ်” ဟု ငွေဆောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
တိုက်ခိုက်ခံရမှုကြောင့် လယ်တဲအတွင်းရှိ စောထူးဆဲ (၂၈ နှစ်)၊ နော်နေဘလုဆဲ (၂၁ နှစ်) နှင့် ၆ လသားအရွယ် စောနေပုလဲထူးတို့မှာ ပြင်းထန်သော ဒဏ်ရာများဖြင့် နေရာ၌ပင် သေဆုံးခဲ့ရသည်။ အသက် ၃ နှစ်အရွယ် နော်ဖောဘလုထူးမှာမူ ကိုယ်ခန္ဓာပွန်းပဲ့ဒဏ်ရာများနှင့် ပေါင်အရိုးကျိုးဒဏ်ရာ ရရှိခဲ့သော်လည်း အသက်ဘေးမှ ကင်းလွတ်ခဲ့သည်။
ယခုကဲ့သို့ အသက်အန္တရာယ်ရှိသည့် ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန်အတွက် တောစပ်နှင့် လယ်တဲများတွင် နေထိုင်ကြသူများအနေဖြင့် တောဆင်ရိုင်းအန္တရာယ် ကာကွယ်ရေး လမ်းညွှန်ချက်များကို အထူးသတိပြု လိုက်နာ ကြရန် သက်ဆိုင်ရာမှ နှိုးဆော်ထားသည်။
ဆင်များသည် မီးရောင်နှင့် အလင်းရောင်ကို ကြောက်ရွံ့တတ်သဖြင့် ညဘက်တွင် တဲပတ်ပတ်လည်၌ မီးပုံကြီး ကြီးရှို့ထားခြင်း သို့မဟုတ် ဆိုလာမီးသီးများဖြင့် အလင်းရောင်ရရှိအောင် လုပ်ဆောင်ထားရန် အကြံပြုထားသည်။
ထို့အပြင် ဆင်များကို ဆွဲဆောင်နိုင်သည့် စပါး၊ ဆန်၊ ငှက်ပျောသီး၊ ဖရဲသီး၊ ထန်းလျက်နှင့် ဆားကဲ့သို့သော ပစ္စည်းများကို တဲအတွင်း သို့မဟုတ် အနီးအနားတွင် အနံ့ထွက်အောင် သိမ်းဆည်းခြင်းမပြုရန်နှင့် ဆင်များ ဖြတ်သန်းသွားလာတတ်သည့် လမ်းကြောင်းပေါ်တွင် တဲဆောက်ခြင်းကို ရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။
အထူးသဖြင့် ကလေးငယ်များ၏ အော်ဟစ်ငိုယိုသံကြောင့် ဆင်များ လန့်ဖျတ်ပြီး ပိုမိုရန်မူတတ်သဖြင့် ဆင်ရိုင်း များ ကျက်စားလေ့ရှိသည့် နယ်မြေများတွင် ညအိပ်ညနေ နေထိုင်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်နှင့် ခိုင်ခံ့သော သစ်ပင်ကြီးများပေါ်တွင် မြင့်မြင့်ဆောက်လုပ် နေထိုင်ရန်လည်း ကျွမ်းကျင်သူများက အကြံပြုထား သည်။