Quad အဖွဲ့က ဖီဂျီတွင် ဆိပ်ကမ်းတည်ဆောက်ရန်နှင့် မြေရှားသတ္တုဆိုင်ရာ မူဘောင်များကိုသဘောတူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက်။
အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် ဩစတြေးလျ ၄ နိုင်ငံပူးပေါင်းထားသည့် Quad (ကွာဒ်) အဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများသည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တွေ့ဆုံခဲ့ကြပြီး၊ ဖီဂျီ (Fiji) နိုင်ငံတွင် ပူးပေါင်း၍ ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန်နှင့် အရေးပါသည့် တွင်းထွက်သတ္တုများ၊ စွမ်းအင်လုံခြုံရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ယခုဆိပ်ကမ်းစီမံကိန်းသည် ပစိဖိတ်ကျွန်းစုနိုင်ငံများတွင် ဆိပ်ကမ်းလို အခြေခံအဆောက်အအုံ မလုံလောက်မှုကို တုံ့ပြန်ရန်အတွက် Quad အဖွဲ့၏ ပထမဆုံးသော ပူးပေါင်းအခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက “ယခုမဟာမိတ်အဖွဲ့သည် အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာတွင် ပန္နက်ကျောက်တစ်ခဲကဲ့သို့ အရေးပါသည်” ဟု အလေးအနက် ပြောကြားခဲ့သည်။
ထို့ပြင် အာကာသ၊ ကာကွယ်ရေးနှင့် စီမီးကွန်ဒတ်တာ (Semiconductor) ထုတ်လုပ်ရေးတို့တွင် မရှိမဖြစ်လိုအပ်သည့် မြေရှားသတ္တု (Critical Minerals) နှင့် ပတ်သက်သည့် မူဘောင်ကိုလည်း ချမှတ်ခဲ့ကြရာ၊ ဒါဟာ ကုန်သွယ်ရေးပဋိပက္ခကြောင့် တရုတ်နိုင်ငံက သတ္တုတင်ပို့မှု ပိတ်ပင်ခဲ့တာကို ကြုံတွေ့ခဲ့ရသည့် ဂျပန်နိုင်ငံအတွက် အလွန်အရေးပါသည့် ခြေလှမ်းတစ်ခု ဖြစ်လာခဲ့သည်။
ပူးပေါင်းထုတ်ပြန်ချက်တွင် တရုတ်နိုင်ငံက ပိုင်နက်အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်ပြင်အတွင်း စစ်မက်ရေးရာ တိုးမြှင့်လာမှုအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသလို၊ ဟော်မုဇ်ရေလက်ကြားနှင့် ပင်လယ်နီအတွင်း နိုင်ငံတကာ ကုန်သွယ်ရေးသင်္ဘောများကို တိုက်ခိုက်နေမှုများကိုလည်း ရှုတ်ချခဲ့ကြသည်။
တစ်ဖက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် (Mao Ning) က ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများသည် တတိယနိုင်ငံတစ်ခုခုကို ပစ်မှတ်မထားသင့်ကြောင်း၊ ထိပ်တိုက်တွေ့ဆုံမှုတွေဆီ ဦးတည်စေမယ့် သီးသန့်အုပ်စုဖွဲ့တာမျိုးကို တရုတ်အနေဖြင့် အားမပေးကြောင်း တုံ့ပြန်ကန့်ကွက်ခဲ့သည်။
လေ့လာဆန်းစစ်သူအချို့ကမူ ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီတို့အကြား ကုန်သွယ်ရေးအခွန်ကိစ္စများကြောင့် တင်းမာမှုရှိခဲ့ပြီး၊ ထိပ်သီးခေါင်းဆောင်အဆင့် အစည်းအဝေး မကျင်းပနိုင်ခဲ့ခြင်းကြောင့် Quad အဖွဲ့၏ အရေးပါမှု လျော့ကျသွားပြီလားဟု မေးခွန်းထုတ်မှုများလည်း ရှိနေကြောင်း သိရသည်။