ဗြိတိန် ရေတပ်သုံး ဒရုန်းများ၌ တရုတ်လုပ် အစိတ်အပိုင်း ပါဝင်နေ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်။ 

ဗြိတိန် ရေတပ်က သုံးစွဲလျက်ရှိသည့် ပေါင် ၁၂ သန်းတန် ပင်လယ်ပြင် ကင်းလှည့်ဒရုန်း ၂၀ တွင် တပ်ဆင်ထားသော ကင်မရာများ၌ တရုတ်နိုင်ငံထုတ် အစိတ်အပိုင်းတစ်ခု ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ ဒရုန်းများသည် K3 Scout အမျိုးအစား ပင်လယ်ပြင် ကင်းလှည့်ဒရုန်း ၂၀ ဖြစ်ပြီး တစ်စီးလျှင် ပေါင် ၆ သိန်းခန့် တန်ဖိုးရှိသည်။ 

ဒရုန်းစနစ်အတွင်း ပုံမှန် ဆိုက်ဘာလုံခြုံရေး စစ်ဆေးမှု (Cyber vulnerability assessment) ပြုလုပ်စဉ် အဆိုပါ ကင်မရာများသည် တရုတ်နိုင်ငံရှိ IP လိပ်စာတစ်ခုထံ စက်ပစ္စည်း ပုံမှန်အလုပ်လုပ်နေကြောင်းနှင့် တည်နေရာ အချက်အလက်အချို့ ပါဝင်သည့် ‘Squawk’ အချက်ပြစနစ်များ ပေးပို့နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဒရုန်းထုတ်လုပ်သူ Kraken ကုမ္ပဏီတို့က အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။ 

စုံစမ်းစစ်ဆေးချက်များအရ စက်မှုဆိုင်ရာ လျှို့ဝှက်ချက်များ၊ စနစ်များ သို့မဟုတ် လုံခြုံရေးဆိုင်ရာ ဒေတာများ ပြင်ပသို့ ပေါက်ကြားသွားခြင်း သို့မဟုတ် ထိခိုက်ပျက်စီးမှု မရှိကြောင်း အတည်ပြု ထုတ်ပြန်ထားသည်။

ယခုဖြစ်စဉ်သည် NATO အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေး ပစ္စည်းထောက်ပံ့မှု ကွင်းဆက်များတွင် တရုတ်နိုင်ငံထုတ် နည်းပညာများအပေါ် မှီခိုနေရမှုကို ပြန်လည်မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သည်။