မိုးဗြဲအနီး စစ်ကြောင်းထိုးလာ၍ တိုက်ပွဲပြင်းထန်၊ လမ်းပိုင်းများ ဖြတ်သန်းခွင့် အရေးပေါ် ပိတ်ပင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်။

ရှမ်း-ကရင်နီအစပ်၊ မိုးဗြဲမြို့အနီးသို့ စစ်အုပ်စုတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက် လာ သောကြောင့် တော်လှန်ရေး ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိပြီး မိုးဗြဲ-နန်းမယ်ခုံ လမ်းပိုင်းအများစုကို ဖြတ်သန်းသွားလာခြင်း မပြုကြရန် မိုးဗြဲ PDF က အရေးပေါ် သတိပေး ထုတ်ပြန်ထားသည်။

စစ်အုပ်စုတပ်နှင့် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းတပ်များသည် ဩဂုတ်လ ၂၇ ရက်နေ့မှစ၍ မိုးဗြဲမြို့ အနောက်ဘက်ခြမ်း သို့ စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်။ 

၎င်းတို့သည် လွယ်ယင်းမင်္ဂလာကျေးရွာမှတစ်ဆင့် နန်းမယ်ခုံမြို့၊ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူကာ မိုးဗြဲ-နန်းမယ်ခုံ လမ်းမကြီးကို အဓိက ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေကြသည်။

ထိုသို့ တိုက်ပွဲများ ဆက်တိုက် ပြင်းထန်နေသဖြင့် လွယ်ဝိုင်း၊ လွယ်ယင်းတောင်ခြေ၊ လီဝိုးနှင့် နန်းမယ်ခုံဘက်သို့ ဆက်သွယ်ထားသည့် မည်သည့်လမ်းကိုမဆို လုံခြုံရေးအရ ဖြတ်သန်းသွားလာခြင်း မပြုကြရန် မိုးဗြဲ-PDF က အသိပေးထားသည်။

စစ်ကြောင်းက လွယ်ယင်းဘက်ကနေ တက်လာတာ။ လက်နက်ကြီးကော၊ ဒရုန်းတွေပါ သုံးပြီး ပစ်ဝင်လာ တော့ ကုန်းလမ်းကော၊ တောလမ်းတွေပါ မလုံခြုံတော့ဘူး။ တိုက်ပွဲက ခဏခဏ ဖြစ်နေတာဆိုတော့ ခရီးသွား တွေ လမ်းပိုင်းထဲ ပိတ်မိမှာစိုးလို့ ပြည်သူ့ကာကွယ်ရေးတပ်က အရေးပေါ် ပိတ်လိုက်ရတာပါ ဟု မိုးဗြဲ PDF အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ ဒေသအတွင်းသို့ စစ်အုပ်စုတပ်သည် ပြီးခဲ့သည့် ဇူလိုင်လကတည်းက လက်နက်ကြီးများနှင့် ဒရုန်းများ အသုံးပြုကာ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံ တောင်သူအများအပြားမှာ စိုက်ပျိုးထားသည့် သီးနှံများကို စွန့်ပစ်၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

မိုးဗြဲဒေသခံ စစ်ဘေးရှောင်တစ်ဦးက လယ်တဲတွေ၊ စိုက်ခင်းတွေကို အကုန်ပစ်ပြီး ပြေးခဲ့ရတာ။ ဇူလိုင်လ တုန်းက စစ်တပ်က လက်နက်ကြီးနဲ့ လမ်းရမ်းပစ်တော့ ခင်းထားသမျှ သီးနှံတွေလည်း ဘာမှ မသိမ်းနိုင်တော့ ဘူး။ အခု စစ်ကြောင်းက ထပ်ဝင်လာတော့ အိမ်ပြန်ဖို့ဆိုတာ ဝေးရော ဟု ပြောသည်။

ထို့ပြင် မိုးဗြဲမြို့အတွင်းသို့ နေရပ်ပြန်လာသည့် စစ်ဘေးရှောင် ဒေသခံ ခုနစ်ဦးမှာ စစ်အုပ်စုတပ် ထောင်ထားသည့် မြေမြှုပ်မိုင်း နင်းမိသဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သော်လည်း စစ်အုပ်စုတပ်ဘက်က ဆေးကုသပေးခြင်း လုံးဝ မရှိခဲ့ဟု ဆိုသည်။ 

နေရပ်ပြန်တဲ့ ဒေသခံတွေ မိုင်းနင်းမိတာတွေ ရှိတယ်။ ဒဏ်ရာ တော်တော်ပြင်းထန်တယ်။ စစ်တပ်က ဘာဆေး ကုသမှုမှ မလုပ်ပေးဘဲ ပစ်ထားတာ။ သူတို့ထောင်ထားတဲ့ မိုင်းတွေကြောင့် နေရပ်ပြန်ချင်တဲ့ စစ်ဘေးရှောင်တွေ ပါ အသက်အန္တရာယ် ပိုစိုးရိမ်နေရတယ် ဟု မြေပြင် သတင်းအရင်းအမြစ်တစ်ဦးက ဆက်ပြောသည်။

လက်ရှိတွင် စစ်အုပ်စုတပ်သည် အနီးဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ် နေဆဲဖြစ်ပြီး မိုးဗြဲနှင့် နန်းမယ်ခုံ အစပ်တွင် စစ်ရေးအခြေအနေ တင်းမာလျက်ရှိသည်။