မိုးဗြဲတိုက်ပွဲတွင် စစ်တပ် ၁၉ ဦးသေဆုံးပြီး အရပ်သားရွာများကို ဗုံးကြဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်။
ရှမ်းနှင့် ကရင်နီပြည် အစပ် မိုးဗြဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ် လက်အောက်ခံ တပ်ဖွဲ့ဝင် ၁၉ ဦး သေဆုံးခဲ့ကြောင်း အမှတ် (၁) စစ်ဒေသ-အယ်လ်ဖာဇုန် (မိုးဗြဲဇုန်) က ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန် သည်။
မြေပြင်စစ်ရေးအရ အထိနာပြီး မိုးဗြဲမြို့အထွက်တွင် ပိတ်ဆို့ခံထားရသည့် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် အရပ်သားကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများကို လေကြောင်းနှင့် ဒရုန်းများဖြင့် ဆက်တိုက် ဗုံးကြဲတုံ့ပြန်နေကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက နန်းမယ်ခုံမြို့နယ်၊ လီဝိုးရွာအတွင်းသို့ စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ရာ အသက် ၁၀ နှစ်နှင့် ၆ နှစ်အရွယ် ကျောင်းနေအရွယ် အပြစ်မဲ့ ကလေးငယ် နှစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့ရ သည်။
ထို့ပြင် ထိုနေ့ ည ၁၀ နာရီဝန်းကျင်တွင်လည်း ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်ထဲရှိ ကျေးရွာ တစ်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ တောင်ထိပ်တစ်ခုပေါ်သို့ ကျရောက် ပေါက်ကွဲ ခဲ့ပြီး စစ်ဘေးရှောင်များ၏ တဲအိမ်များနှင့် စိုက်ခင်းများ ပျက်စီးခဲ့ရသည်။
ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှ စစ်ဘေးရှောင်နေရသည့် ဒေသခံအမျိုးသားတစ်ဦးက “ညဘက်ကြီး လေယာဉ် သံကြားပြီး သိပ်မကြာဘူး အသံအကျယ်ကြီးနဲ့ ဗုံးကျတော့တာပဲ။ တောင်ပေါ်ကို ကျလို့ လူမထိပေမယ့် ကျနော် တို့ ဆောက်ထားတဲ့ တဲတွေနဲ့ စိုက်ခင်းတွေတော့ ဗုံးစမှန်ကုန်တယ်။ အခုက တိုက်ပွဲလည်း မရှိဘဲနဲ့ အိပ်နေတဲ့ အချိန်ကြီး လာကြဲတာဆိုတော့ စစ်ရှောင်တွေရော ရွာခံတွေရော အားလုံး သတိနဲ့တော့ နေနေရတယ်။ နောက် လည်း ဘယ်အချိန် ထပ်လာဦးမလဲ မသိဘူး” ဟု ပြောသည်။
အလားတူ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၂၀ နီးပါးမှ လူဦးရေ ၄ ထောင်ကျော်မှာလည်း ၎င်းတို့ တောင်ယာစိုက်ပျိုးနေချိန်အတွင်း စစ်တပ်၏ နေ့စဉ်ရက်ဆက် ဒရုန်းကင်းထောက်မှုနှင့် ဒရုန်းဗုံးသီးချ တိုက်ခိုက် မှုများကြောင့် လုံခြုံရေး စိုးရိမ်မှုများ မြင့်တက်နေရသည်။
ဒေသခံတစ်ဦးက “ဒီရက်ပိုင်း စစ်တပ်က ဒရုန်းနဲ့ ဗုံးချတာ ခပ်စိပ်စိပ် ဖြစ်လာတယ်။ ဗုံးသီးတွေ ကျတာက လည်း တဖြည်းဖြည်းနဲ့ ရွာတွေနားကို ပိုကပ်လာတယ်။ လူထုတွေက တောင်ယာထဲ စိုက်ပျိုးရေး လုပ်နေကြတဲ့ အချိန် စစ်တပ်က ကင်းထောက်တာရော ဗုံးချတာရော နေ့တိုင်းလိုလို လုပ်နေတော့ တောထဲတောင်ထဲလည်း မသွားရဲ၊ ရွာထဲလည်း မနေရဲနဲ့ အသက်အာမခံချက် လုံးဝမရှိသလို ခံစားရတယ်” ဟု ပြောသည်။
လက်ရှိတွင် စစ်တပ်သည် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာများရှိ ဘုန်းကြီးကျောင်းများတွင် အထိုင်ချကာ စစ်အင်အားများ ဆက်တိုက်ဖြည့်တင်းနေပြီး ဖယ်ခုံနှင့် နန်းမယ်ခုံ တစ်ဝိုက် သို့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။
စစ်တပ်သည် တော်လှန်ရေးတပ်ဖွဲ့များ ၂၀၂၃ ခုနှစ်ကုန်ပိုင်းကတည်းက ထိန်းချုပ်ထားသည့် နန်းမယ်ခုံမြို့ကို ပြန်လည်စိုးမိုးရန် မိုးဗြဲမြို့မှတစ်ဆင့် ထိုးစစ်ဆင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
ထို့ကြောင့် ရက်ပိုင်းအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သဖြင့် မိဘပြည်သူများနှင့် စစ်ဘေးရှောင်များ အနေဖြင့် လေကြောင်းအန္တရာယ် အပြင် ဒရုန်းအန္တရာယ်ကိုပါ အထူးသတိပြုကြရန် ဖယ်ခုံမြို့နယ် ပူးပေါင်း အုပ်ချုပ်ရေးကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးထားသည်။