ပဲခူး-ရခိုင်နယ်စပ် ကပစ-၁၆ ကာကင်းစခန်းသုံးခု AA သိမ်းပိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) အနီး တိုက် ပွဲများ ပြင်းထန်နေပြီး စက်ရုံ၏ အဓိက ခံစစ်ကာကင်းစခန်း သုံးခုကို အာရက္ခတပ်တော် (AA) က သိမ်းပိုက် လိုက်ကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

ရခိုင်တောင်ကုတ်မှ တစ်ဆင့် ပဲခူးဘက်သို့ ထိုးစစ်ဆင်လာသည့် AA နှင့် ပူးပေါင်းတပ်များသည် ကပစ-၁၆ ၏ ရှေ့တန်းကုန်းများဖြစ်သော ပွိုင့်-၆၆၆ နှင့် ပွိုင့်-၅၀၆ တို့ကို တိုက်ခိုက်ပြီးနောက်၊ ဇွန်လ ၂၁ ရက်နေ့တွင် ပွိုင့်-၅၀၀ ကုန်းဝန်းကျင်ရှိ စခန်းသုံးခုကိုပါ ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ပြည်မြို့အခြေစိုက် စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက မေလနောက်ဆုံးအပတ်ကတည်းက စစ်တပ်ဘက်က မသုန်နဲ့ ညောင်ခြေထောက်ဘက်ကနေ လမ်းကြောင်းခွဲပြီး စစ်ကြောင်းထိုးနေတာ။ သူတို့ ရည်ရွယ်ချက်က ကပစ-၁၆ စက်ရုံကို ကာကွယ်ဖို့ပဲ။ ဒါပေမဲ့ အဲဒီစစ်ကြောင်းတွေကို အေအေက လမ်းခု လတ်မှာတင် ဖြတ်တိုက်နေတာ။ အခုတော့ အေအေက စက်ရုံနဲ့ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်လို့ လေကြောင်းရော မြေပြင်ပါ တိုက်ပွဲတွေ အရမ်းပြင်းထန်နေတယ်။ အခုဆို အဓိကကာကင်း ပွိုင့်-၅၀၀ ကုန်းဝန်းကျင်က စခန်း ၃ ခုကို အေအေက အပိုင်စီးထားပြီးပြီ၊ တိုက်ပွဲကတော့ အရှိန်မသေသေးဘူး ဟု ပြောသည်။

ဇွန်လ ၂၀ ရက်နှင့် ၂၁ ရက်နေ့များတွင် ပွိုင့်-၅၀၀ စခန်းကုန်းမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို AA ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က လေကြောင်းပစ်ကူနှင့် ဒရုန်းများကို သုံး၍ ခုခံခဲ့ သော်လည်း စခန်းများကို လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်တပ်လက်အောက်ခံ အဖွဲ့ဝင်အလောင်းများနှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း စစ်ရေးအရင်းအမြစ်များက ပြောသည်။

ပန်းတောင်းမြို့နယ်အတွင်း တိုက်ပွဲများ ကူးစက်လာမှုကြောင့် ဒေသခံများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး လုံခြုံရေးအတွက် စိုးရိမ်နေကြရသည်။

ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသခံအမျိုးသမီးတစ်ဦးက “လက်နက်ကြီးသံတွေ၊ လေယာဉ်သံတွေက နေ့ရော ညပါ ကြားနေရတော့ ဘယ်အချိန် ကိုယ့်ရွာထဲ ကျလာမလဲဆိုပြီး ရင်ထိတ်ထိတ်နဲ့ နေရတာ။ အခု ကပစ နား အထိ တိုက်ပွဲတွေက ကပ်လာပြီဆိုတော့ ရွာသားတွေလည်း နီးစပ်ရာ တောတောင်တွေထဲ ရှောင်နေကြရတယ်။ လမ်းတွေလည်း ပိတ်ထားတော့ သွားရလာရတာ အရမ်းခက်ခဲကုန်ပြီ” ဟု ပြောသည်။

လတ်တလောတွင် ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ညောင်ကျိုးစခန်းအနီးတွင် စစ်တပ်နှင့် AA တို့အကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး၊ စစ်တပ်၏ နောက်ထပ် အခြေစိုက် စက်ရုံ တစ်ခုဖြစ်သည့် ကပစ-၅ ရှိရာ ကမြိုင်ဘက်ခြမ်းတွင်လည်း တိုက်ပွဲများ စတင်လာနေပြီ ဖြစ်သည်။

AA ပူးပေါင်းတပ်ဖွဲ့သည် ကပစ-၁၆ သာမက ပန်းတောင်းမြို့နယ်အတွင်းရှိ ကပစ-၆ အနီးပတ်လည်မှ ညောင် ကျိုးစခန်းအပါအဝင် ကာကင်းစခန်းကြီးများကိုပါ ဆက်လက်ထိန်းချုပ်ထားနိုင်ခဲ့ပြီးနောက် မြေပြင်တွင် စစ်တပ် အဖွဲ့ဝင် အချို့ လက်နက်ချ အလင်းဝင်မှုများလည်း ရှိနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

ရခိုင်တောင်ပိုင်း တောင်ကုတ်-ဥသျှစ်ပင်လမ်းပိုင်းမှတစ်ဆင့် ပဲခူးတိုင်းအတွင်းသို့ စစ်မျက်နှာချဲ့ထွင်လာသည့် အာရက္ခတပ်တော် (AA) သည် ဥသျှစ်ပင်တဝိုက်ရှိ ပုသိမ်-မုံရွာ လမ်းဘေးတစ်လျှောက်တွင် အခြေစိုက်ထား သည့် စစ်တပ်၏ အရေးပါသော ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ) များကို အဓိကဦးတည်၍ ထိုးစစ် အရှိန်မြှင့်တင်နေခြင်း ဖြစ်သည်။