လာအို-တရုတ် နယ်စပ်အနီး ရေကြီးပြီး လာအိုအတွင်း ကျေးရွာ ၃၀ ကျော် ရေလွှမ်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်။

လာအို-တရုတ် နယ်စပ် ရေကြီး ရေလျှံမှုကြောင့် Luang Namtha ပြည်နယ် စီမံခန့်ခွဲရေး ကော်မတီက ဒေသတချို့ကို သဘာဝ ဘေးအန္တရာယ်ကျရောက်သော ဒေသအဖြစ် တရားဝင် ကြေညာခဲ့သည်ဟု လာအို မြို့တော် ဗီယန်ကျန်း အခြေစိုက် The Star သတင်းတွင် ဖော်ပြသည်။

လာအိုနိုင်ငံ မြောက်ပိုင်း လှေင်းနမ့်သာ (Luang Namtha) ပြည်နယ်တွင် ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရေကြီးရေလျှံမှုကြောင့် လာအို-တရုတ် နယ်စပ် ဘိုတန် (Boten) အထူးစီးပွားရေးဇုန် အပါအဝင် လှေင်းနမ့်သာနှင့် နာလဲ (Nalae) မြို့နယ်များရှိ ကျေးရွာပေါင်း ၃၀ ကျော်၊ လေဆိပ်၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် စိုက်ပျိုးမြေ အများအပြား ရေဖုံးလွှမ်း ထိခိုက်ခဲ့သည်။

သို့သော် လာအို-တရုတ် နယ်စပ်ဂိတ် ပင်မ အဆောက်အအုံမှာမူ ထိခိုက်မှု မရှိဟု ဆိုသည်။

မြစ်အထက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် သာ (Tha) မြစ်ရေသည် သတိပေးရေမှတ် ၆ မီတာထက် ကျော်လွန်ကာ ၆.၅၈ မီတာအထိ မြင့်တက်လာခဲ့သည်။

ထို့ကြောင့် ပြည်နယ် အာဏာပိုင်များက မြို့နယ် ၅ မြို့နယ်ရှိ မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းနေ ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြရန် သတိပေးထားသည်။

ထို့ပြင် လေဖိအားနည်းရပ်ဝန်းနှင့် အနောက်တောင်မုတ်သုံလေတို့၏ အရှိန်ကြောင့် လှေင်းနမ့်သာ အပါအဝင် ပြည်နယ် ၁၄ ခုတွင် မိုးကြိုးမုန်တိုင်းများ၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။