အမေရိကန် ရေတပ်သား ၅၀၀၀ အပန်းဖြေရန် ပတ္တယားသို့ ရောက်ရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်။

ပင်လယ်ပြင်အတွင်း ရက်ပေါင်း ၂၅၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အမေရိကန်ရေတပ်၏ USS Abraham Lincoln လေယာဉ်တင်စစ်သင်္ဘောနှင့် အရံစစ်သင်္ဘောများမှ စစ်သည် ၅,၀၀၀ နီးပါးသည် ထိုင်းနိုင်ငံ၊ ပတ္တယားမြို့သို့ ၅ ရက်ကြာ အနားယူအပန်းဖြေရန် ရောက်ရှိလာကြသည်။

အဆိုပါ ခရီးစဉ်ကြောင့် ပတ္တယားဒေသတွင်း စီးပွားရေးသို့ ဘတ်သန်း ၁၀၀ ကျော် ဝင်ရောက်မည်ဟု မြို့တော်ဝန်က ခန့်မှန်းထားသည်။

သို့သော် လုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် ရေကြောင်းကစားကွင်းများ၊ ဆေးခြောက်ဆိုင်များနှင့် အမေရိကန်တွင် တားမြစ်ထားသော ဆေးဝါးရောင်းချသည့် ဆိုင်များသို့ သွားရောက်ခြင်းကို အမေရိကန်ရေတပ်က ပိတ်ပင်ထားသည်။

ဒါ့အပြင် ပတ္တယား၏ ထင်ရှားသော ဘားများတည်ရှိရာ လမ်းနံပါတ် ၆၊ ၆/၁ နှင့် လမ်းနံပါတ် ၇ အတွင်းရှိ ဆိုင်များသို့ ဝင်ရောက်ခြင်း မပြုရန် သတိပေးထားသည်။

ဒေသခံ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများကမူ အမေရိကန်ရေတပ်သားများ၏ အပန်းဖြေခရီးစဉ် ချောမွေ့စေရေးအတွက် လုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်မှုများကို ပြုလုပ်ပေးထားသည်ဟု ဆိုသည်။

Photo:AP/Sakchai Lalit